တော်တော်ကြာပါပြီ...ခရီးတွေသွားနေရလို့ စာမရေးနိုင်သလို..ခုတလောစာရေးပျင်းလာတာနဲ့ပေါင်းပြီး ဘလော့ဂါ လောကထဲကထွက်ဖို့ ဆုံးဖြတ်မိလိုက်တယ် ။ ကိုယ့်ဘလော့ ကိုလည်း ဖွင့်မကြည့်မိခဲ့သလို ဘယ်သူ့ ဘလော့ခ်ကိုမှလည်း ၀င်မကြည့်ဖြစ်ခဲ့မိဘူး ။ ဒီနေ့တော့ ပျင်းပျင်းရှိတာနဲ့ အိမ်လည်ဖို့ စိတ်ကူး ရလို့ ဘလော့ခ် လောကကို အခြေချမိတယ်ဆိုရင်ပဲ ချစ်သူငယ်ချင်းနှင်းက အပျင်းထူနေတဲ့ သမီးပျို ဆိုတဲ့ ခေါင်းစဉ်နဲ့ ကမ္ဘာကြီးပျက်တော့မယ့် အကြောင်းကို တက်ခ်ခြင်း ခံလိုက် ရတာပါပဲ ။ အဲဒါနဲ့ပဲ စာပြန် ရေးဖြစ် သွားတယ်ပေါ့ ။ စာမရေးခင် အတောအတွင်း အိမ်လာလည်ကျတဲ့ သူငယ်ချင်းတွေကို ကျေးဇူး အထူးတင်ရှိပါတယ်။ တကူးတက မေးလာတဲ့ ကိုလူထွေး ကိုလည်းကျေးဇူးတင်လျှက်ပါ ။ အကြောင်းမပြန်မိတဲ့အတွက် လည်း စိတ်မကောင်းပါဘူး ။ အခုတလော ဘလော့ခ်လောကထဲမှာ ကမ္ဘာကြီးပျက်တော့မယ်ဆိုတဲ့ ဂယက်တွေ ရိုက်ခတ်နေတာ ခုမှပဲ သိလိုက်ရတယ်။ ဒါနဲ့ပဲ ကျွန်မလည်း စဉ်းစားကြည့်မိတယ်။


ကျွန်မဟာ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတစ်ယောက်ပါ ။ မြတ်စွားဘုရား ဟောကြားခဲ့တဲ့ တရားဒေသနာတော် တွေထဲမှာ သာသ နာနှစ် ၅၀၀၀ ကြာပြီးသော် ကမ္ဘာကြီးပျက်လတ္တံ့ဆိုပြီး မိန့်ကြားခဲ့ဖူးပါတယ်။ ခုဆိုရင် သာသနာတော်နှစ်က ....နှစ်တစ်ဝက် ကျော်ရုံလေးပဲရှိပါသေးတယ်။ ပြီးတော့ ကောသလ အိပ်မက် ၁၆ချက်ထဲမှာပါတဲ့ ရှေ့ပြေးနမိတ်တွေ ...... အားလုံးဖြစ်မလာ သေးပါဘူး ။


ဥပမာ....“သစ်ပင်ငယ် ခြုံငယ်တွေက ပေါက်လာပြီး တစ်ထွာတစ်တောင်လောက်မှ မမြင့်သေးဘဲနဲ့ သီးပွင့်ကြ တယ်“တဲ့။ ဆိုလိုရင်းက “နောင်အခါ သတ္တ၀ါတွေဟာ ရာဂကြီးလိမ့်မယ်။ မိန်းမတွေဟာ အရွယ်မရောက်ခင်မှာပဲ ယောကျာ်းတွေနဲ့ သွားလာ ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ သားသမီးတွေရလိမ့်မယ်“တဲ့။ အဲဒီလောက် မဆိုးသေးတဲ့ အခြေအနေမှာပဲ ရှိနေပါသေးတယ်။


ပြီးတော့ “နွားမတွေက သူမွေးဖွားပြီးခါစ နွားငယ်လေးရဲ့ နို့ကို စို့နေတယ်“တဲ့ ။ အဓိပ္ပါယ်ကတော “နောက်နောင် လူတွေ ဟာ အရှက်တွေ မဲ့လာပြီး မိဘကို ရိုသေရမှန်း မသိဖြစ်လာလိမ့်မယ်။ မိဘတွေဟာ ခိုကိုးရာ မဲ့လိမ့်မယ်“ တဲ့ ။

ကျွန်မထင်သလောက်ပြောရရင်တော့ မိဘကို မိဘမှန်းသိနေကြတုန်းပါပဲ ။ ရိုသေကြတယ် ။ တန်ဖိုးထား လေးစားကြတယ် ။ ဘလော့ရပ်ဝန်းမှာ အမေနဲ့သက်ဆိုင်တဲ့ ပို့စ်တွေ အဖေ့ကျေး ဇူးကို တန်ဖိုးထားတဲ့ပို့စ် တွေကို ဖတ်နေရတော့ ဒါဟာ မိဘကို တန်ဖိုးထားချစ်ခင်နေကြသလို မြတ်မြတ်နိုးနိုးရှိနေ ကြသေးတယ်ဆိုတာ အထင်အရှားပြသနေတယ်ဆိုတာ သေချာပါတယ် ။


အနက်ရောင်ကမ္ဘာကြီးထဲကို တဖြည်းဖြည်းနဲ့ချဉ်းနင်းဝင်ရောက်လာတဲ့ ပုဇွန်ဆီရောင် စက်ဝန်းကြားက နေမင်းကြီးတောင်မှ နေ့တစ်နေ့ရဲ့နံနက်ခင်းကို နေခြည် နုနုလေးနဲ့ အစ ပြုခဲ့ပေမယ့် တစတစ အဆုံးစွန် ပူပြင်းလာပြီးတဲ့ နောက်တော့ ... သူလာရာလမ်းကြောင်းဆီကိုပဲ ဆန့်ကျင်ဘက်အရပ်ကနေ သေဆုံးခြင်း အဖြစ် နဲ့ နေ၀င်သွားရသေးတယ်လေ ။ အရာအားလုံး
ဟာ တရားသဘောနဲ့ပြောရရင်တော့ ဖြစ်ပြီးရင် ပျက် တတ်တာ ဓမ္မတာပဲ မဟုတ်လား ။ အစရှိရင် အဆုံးဆိုတာရှိစမြဲပါ ။ မွေးဖွားခြင်းမှာ ရှင်သန်ခြင်းရှိသလို... ရှင်သန် ခြင်းမှာ လည်း သေဆုံးခြင်းဆိုတာ ရှိခဲ့တော့ မွေးဖွားခြင်းနဲ့သေဆုံးခြင်းကြားမှာ ရှင်သန်နေကြတဲ့ ကျွန်မတို့ တွေ တစ်နေ့ သေတာ ဘာများအဆန်းတကြယ် ရှိသေးလို့လဲ ။


နောက်တစ်ခုက“လောကကြီးကို သင်ဘယ်လိုမြင်ပါသလဲဆိုရင် သင်ဘယ်လိုကြည့်မြင်ပါသလဲ ဆိုတဲ့အပေါ်မှာပဲ မူတည်ပါတယ်“တဲ့ ဖတ်ဖူးခဲ့တဲ့စာလေး တစ်ကြောင်းပါ ။ တိုတောင်းပေမယ့် သိပ်အဖိုးတန်တဲ့ စာသား လေးမို့ သိပ်ကိုကြိုက် နှစ်သက်ခဲ့ တာပါ။ ကိုယ့်ရဲ့လက်ခံယုံကြည်မှု ၊ နားလည်မှု ပေါ်မှာပဲမူတည်တယ်လေ ။ ကောလဟာလတွေကိုတွေးကြောက်နေမယ့်အစား ပစ္စုန်ရဲ့ အချိန်လှလှလေးတွေမှာပဲ လွပ်လပ်စွာ ပျော်ဝင်ခံစားလိုက်ချင်တာ ။ အနာဂတ်အတွက် တွေးလို့ ပူဆွေးမနေချင်ပါဘူးလေ ။


တစ်ခါတလေတော့ ကိုယ့်ရဲ့လက်ခံယုံကြည်မှုဟာ ကိုယ့်ရဲ့ပတ်ဝန်းကျင် အသိုင်းအ၀န်းနဲ့လည်း ဆိုင်ပါသေးတယ် ။ ဥပမာ ဆိုပါတော့... ပန်းသီးတစ်လုံး သစ်ပင်ပေါ်က ပြုတ်ကျလာတာဟာ ဘာကြောင့်များပါလိမ့်လို့မေးရင် သိပ္ပံပညာရှင်က ပြော လိမ့်မယ် ကမ္ဘာကြီးရဲ့ဆွဲအားကြောင့်လို့...။ သို့ပေမယ့် သာမန် လူတစ်ယောက်ကတော့ မှတ်ချက်ပေးတယ် သီးချိန်တန်လို့ သီးတယ် ပွင့်ချိန်တန်ရင်ပွင့်မယ် ...ကြွေချိန်တန်ရင်တော့ ကြွေမှာပေါ့..... ဒါသဘာဝပဲလေ ဘာများအဆန်းတကြယ်ရှိ သေးလို့လဲ...လို့.။ ဘယ်သူ့အဖြေမှန်ပါသလဲဆိုတာကတော့ ....သင်ဘယ်လို လက်ခံယုံကြည်သလဲပေါ့...။

ကမ္ဘာကြီးဟာ နောင်၂ နှစ်ကြာရင်ပျက်တော့မယ်ဆိုတာကတော့ သိပ်တော့မယုံချင်မိဘူး ။ ကိုယ့်စိတ်ထဲက ယုံကြည်မှုပေါ့လေ ။ စာရေးဆရာ Eckhart Tolle ကတော့ ပစ္စုပ္ပန်အချိန်ရဲ့တန်ဖိုးရှိမှုတွေ ၊ လက်ရှိပစ္စုပ္ပန်ရဲ့ အစွမ်းအစနဲ့အင်အားတွေကိုပြော ထားတယ် ။ အဲဒီယုံကြည်မှုတွေနဲ့အင်အားတွေ အသာထားလို့ သူငယ်ချင်းနှင်းပြောသလိုပဲ ကိုယ်လည်းခေတ်မီအောင် ကမ္ဘာကြီး ပျက်ကြည့်လိုက်ဦးမယ်...။

............****......................*****............................***........


ကမ္ဘာကြီးပျက်တော့မယ်တဲ့...။ ငါဘာလုပ်ရမလဲ..................???????? ။ အေးချမ်းတဲ့ ညချမ်းလေးကို လွမ်း နေရမှာလား ။ တလက်လက်နဲ့ တောက်ပနေတဲ့ ဟိုး....အဝေးက ကြယ်စင်လေးတွေကိုပဲ တမ်းတနေရမှာလား ။ ငါသိပ်ချစ် ရတဲ့ လမင်းကြီးကိုပဲ တိုင်တည်လိုက်ရမှာလားဆိုတဲ့ အတွေးတွေနဲ့ နေမထိ ထိုင်မသာဖြစ်လို့ ကျွန်မရဲ့စိတ်အစဉ်က တောင်စဉ် ရေမရပေါ့ ။ မဟူရာကောင်းကင်ကြီးမှာ လမင်းကြီးကလည်း ထိန်ထိန်သာလို့.... ကြယ်ကလေးတွေကလည်း ပျော်ရွှင်မြူးထူးစွာ ကခုန်ဆော့ကစားရင်းနဲ့ လမင်းကြီးထံပါးခစားလို့ ။ လေပြေလေးကလည်းညှင်းသွဲ့သွဲ့နဲ့မို့... မှော်နတ်သမီးလေးတစ်ယောက် အလွမ်းတေးသီးချင်း တိုးတိုးလေး တီးခတ်နေသလားလို့...။သာယာလိုက်ပါဘိ ညချမ်းလေးရယ်..။ ဒီလိုညမျိုးလေး ခံစား ရဖို့ အခွင့်အရေးတွေ တဖြည်းဖြည်းနည်းပါးလာတော့မယ်ဆိုတဲ့ အသိစိတ်က ကျွန်မရဲ့နှလုံးသားကို ပူလောင်စေလိုက်တာ ။


ငါဘာတွေ လုပ်ပြီးသွားပြီလဲလို့ ပြန်စဉ်းစားကြည့်လိုက်တယ် ။ အမေ့ဝမ်းတွင်းက လွတ်မြောက်ရှင်သန်လို့ အခုအချိန်အထိပေါ့ ။ ကျောင်းတွေတက်လိုက် စာတွေသင်လိုက် ပျော်ပါးလိုက်နဲ့အချိန်တွေ ကုန်ဆုံးခဲ့တာ များနေပါလားဆိုတဲ့ အဖြေထွက်လာတယ် ။ မိဘတွေကိုရော ကိုယ်ကတဖန်ပြန်လို့ စောက်ရှောက်ပြီးပြီးလားလို့မေးကြည့်တော့...ရာခိုင်နှုန်းက နည်းလွန်းလို့နှိုင်းယှဉ်ပြဖို့ တောင် အရာဝတ္ထုမရှိပါဘူးတဲ့ ။ အဲဒီအဖြေကြောင့် ကျွန်မဟာ တော်တော်လေး တုန်လှုပ်ခြောက်ခြားသွားခဲ့ပါတယ် ။ ကျွန်မ တစ် ခုခုတော့ လုပ်သင့်နေပြီဆိုတာ သိလိုက်ရတာနဲ့ တပြိုင်နက် အစီအစဉ်တစ်ခုကို အမြန်ဆုံးရေးဆွဲလိုက်ရတယ်။ ကျွန်မမိဘနဲ့အတူ ကျွန်မသိပ်ချစ်ရတဲ့ ကိုကို့အတွက် ၊ ပြီးတော့ အားကိုးရာမဲ့နေကြတဲ့ ကျွန်မရဲ့အန်တီတွေနဲ့ ၀မ်းကွဲမောင်လေးတွေ အတွက်ပါ ။ ကျွန်မတို့အားလုံးသေကြရမှာ ဖြစ်ပေမယ့် မသေခင် သူတို့တွေကို ကျွန်မတတ်နိုင်သလောက်တော့ လုပ်ပေးချင်တယ်။


ကျွန်မရဲ့ ပထမ အစီအစဉ်က မေမေနဲ့ဖေဖေ့အတွက်ပါ ။ ရိုးသားတဲ့တောသူတောင်သား လယ်ယာလုပ်သား ဆိုတဲ့ခေါင်းစဉ် အောက်မှာ မရှိခဲ့ကြပေမယ့် ။ တောမဟုတ် မြို့မဟုတ်မှာ ကြီးပြင်းလာတဲ့ ကျွန်မတို့မိသားစုဝင်တွေအတွက် အရာရာခေတ်မီတိုး တက်တဲ့ မြို့ပြလို့ နေရာဒေသတွေက ရောက်ဖူး၊နေဖူးရုံက လွဲလို့ ကိုယ်နဲ့အကျွမ်းတ၀င်ရှိမနေတတ်ပါဘူး ။ လိုင်းကားတိုးစီးရင်း ချွေတာစားခဲ့ရတဲ့ ဘ၀တွေကလွဲလို့ မြို့ပြဟာ ကျွန်မတို့တွေအတွက်တော့ နေပျော်တဲ့ ဘ၀တစ်ခုကို မပိုင်ဆိုင်ခဲ့ဖူးဘူးလေ။


အခုတော့ ကျွန်မ မိဘတွေကို ပြန်ပြီး အလုပ်အကျွေး ပြုဖို့ အားအင်တွေ ရှိနေပါပြီ။ မိသားစုနဲ့ခွဲနေရတဲ့ကျွန်မ လေးနက်တဲ့ သံယောဇဉ်နဲ့ အကြင်နာတွေကို ပိုလို့ခံစားသိမြင်လာပြီးတဲ့နောက် တာဝန်ကျေတဲ့သမီးတစ်ယောက် အဖြစ်ရပ်တည်နေချင်မိတဲ့စိတ် က ကျွန်မအတွက် ခွန်အားတွေပေါ့ ။ ငွေကြေးအဆင်မပြေမှုဆိုတဲ့ အကျပ်အတည်း ၊ လူရာမ၀င်မှုဆိုတဲ့ ငွေကြေးချို့တဲ့သူတို့ရဲ့ အပယ်ခံနာကျဉ်းမှုဝေဒနာ ၊ ချေးငှားမှုဆိုတဲ့ ဆင်းရဲသားတို့ရဲ့အစဉ်အလာတွေနဲ့အတူ မျက်ရည်ဆိုတဲ့ နာကျဉ်းဝမ်းနည်း အားငယ် မှုတို့ရဲ့ထွက်ပေါက်အဖော် တွေကို အားပြုရင်း ရှင်သန်ခဲ့ရမှုတွေဟာ အတိတ်မှာကျန်ခဲ့ပြီပေါ့ ။ ဒီဘ၀ ဒီဒုက္ခတွေက လွတ်ငြိမ်း အောင်ကြိုးစားခဲ့ရတဲ့ ပင်ပန်းတဲ့ဒဏ်တွေကို ပြန်လည်ကုစားပေးဖို့ ကျွန်မမှာတာန်ရှိလာပြီလေ။

“စိတ်ထောင်းတော့ ကိုယ်ကြေ“ ဆိုတဲ့ စကားလေးတစ်ခွန်းကြားဖူးတယ် ။ ဇရာရဲ့ တွန်းပို့မှုအောက် ကျွန်မတို့ရောက်ခဲ့ရပေမယ့် ပင်ပန်းစွာ ရုန်းကန်စွာရုန်းကန်ခဲ့ကြရတဲ့ ကျွန်မရဲ့မေမေနဲ့ဖေဖေက အသက်အရွယ်ထက် ပိုပြီးအိုစာလို့ အတိတ်ရဲ့လွှမ်းမိုးမှုတွေကို ပြသလို့နေတယ်။ နေပူမိုးရွာမရှောင် ရောင်းခဲ့ရတဲ့ဈေး၊ ရုန်းကန်ရှာဖွေလိုက်ရတဲ့ငွေကြေးနဲ့ အဆင်မပြေမှုတွေကို အံတုရင်ဆိုင် ဖြတ်ကျော်လာရတဲ့ ပင်ပန်းမှုဝေဒနာရဲ့ ရောင်ပြန်နမိတ်တွေပေါ့ ။ စိတ်ပျိုတော့ ကိုယ်နုဆိုတာ...ဟိုး အဝေးကြီးမှာ ။ အဲဒီအ တွက် ကျွန်မလေ ဖေဖေနဲ့မေမေကို စိတ်ချမ်းသာမှုတွေပေးလို့ သူတို့ကိုပျော်ရွှင်စေမယ် ။ မရောက်ဖူးတဲ့ နေရာတွေကို လိုက်ပို့ လို့ စိတ်တွေကို လွပ်လပ်စေလိုက်မယ် ။ ဘုရားအစုံဖူးရင်း ကုသိုလ်ယူလို့စိတ်အေးချမ်းသာမှုကိုလည်း ခံစားစေလိုက်မယ်။


မိသားစု အတူတကွစုံစည်းလို့ ဈေးဝယ်တွေလည်းထွက်ချင်သေးတယ် ။ နေခဲ့ရတဲ့ တောအရပ်ကိုစွန့်လို့ မြို့ပြမှာ စိတ်အေးချမ်း သာအပူအပင်မဲ့ နေစေမယ် ။ အရင်က နှစ်ပေါင်းများစွာ ၀တ်ခဲ့ကြတဲ့ အ၀တ်အစားအဟောင်းတွေရဲ့ကိုယ်စား စတိုင်လှလှနဲ့ခန့် ညားစေလိုက်မယ် ။ မရောက်ဖူးခဲ့ကြတဲ့ စားသောက်ဆိုင်တွေကို ခေါ်ဆောင်လို့ အရသာအသစ်တွေကို မြည်းစမ်းခွင့်ရစေမယ် ။ အဆင်မပြေ အားငယ်မှုတွေကို ဖယ်ရှားလို့ ယုံကြည်မှုလည်း ရှိစေလိုက်ဦးမယ် ။ တက်ကြွတဲ့ စိတ်ဓါတ်အသစ်နဲ့ ရင်ကိုကော့လို့ ခေါင်းကိုမော့ပြီး လောကကြီးကို သတ္တိရှိရှိနဲ့ ကျော်ဖြတ်နိုင်အောင်လည်း အားပေးလိုက်ဦးမှာ ။ ဟိုနား နည်းနည်း၊ ဒီနား နည်း နည်းပဲ လှူဖူးတဲ့ ကျွန်မရဲ့မိဘတွေကို ကထိန်ဒါယိကာ ကျောင်းဒါယိကာမတွေ ဖြစ်အောင်လည်း လုပ်ပေးရဦးမယ်။ အရာရာဖြည့် စွမ်းလို့ သမီးတစ်ယောက်ရဲ့ တာဝန်ကို အပြည့်အ၀ကို တာဝန်ကျေပြလိုက်မယ်လေ။


ကျွန်မချစ်တဲ့ ကိုကို့မိသားစုကိုလည်း ညီမတစ်ယောက်အနေနဲ့ဖေးမချင်သေးတယ် ။ ကိုကို ဘာစီးပွားရေးတွေ လုပ်ချင်နေမလဲ မသိဘူး ။ သူ့ကိုလည်းမေးကြည့်ရဦးမယ် ။ တူမလေးအတွက်လည်း ပညာရေးအဆင်ပြေအောင် ထောက်ပံ့ပေးဦးမယ်။ အပျို ကြီးမမ အန်တီနဲ့အတူ ခင်ပွန်းဆုံးလို့ ကလေးနှစ်ယောက်နဲ့အားငယ်နေရှာမယ့် အန်တီငယ်လေးကိုလည်း လိုအပ်တာတွေ ကူညီ ပေးဦးမယ် ။ ၀မ်းကွဲမောင်လေးတွေ အလုပ်ကောင်းကောင်းရအောင်လည်း ကြိုးစားပေးချင်သေးတယ် ။ သူတို့ဘ၀တွေကို ကျွန်မ တတ်နိုင်တဲ့ဘက်က ဖြည့်ဆည်းပေးရမှာပေါ့ ။ ကမ္ဘာကြီးမပျက်ခင် လုပ်ချင်တာတွေ လုပ်ခွင့်ရလိုက်တဲ့အတွက် ကျွန်မပျော်ရွှင်နေမိ မယ်။ မဟုတ်ရင် ကျွန်မဒါတွေကို ဒီလောက်မြန်မြန်ဆန်ဆန်ကြီး လုပ်ဖြစ်လိမ့်မယ် မထင်ဘူး ။ ကမ္ဘာကြီးကပျက်ဆီးတော့မှာဖြစ် ပေမယ့် ကျွန်မလုပ်ဖြစ်ခဲ့တာတွေအတွက်တော့ ဘယ်တော့မှနောင်တရမိမယ် မထင်ဘူးလေ ။


ဒါဆိုကျွန်မကိုယ်တိုင်အတွက်ကရော................? ကျွန်မအတွက်က သိပ်တော့မလိုအပ်ပါဘူးလေ ။ အေးချမ်းနေမယ့် စိတ်လေးတစ်ခုရယ် ၊ အထိန်းအကွပ်မဲ့ လွပ်လပ်မှုရယ် ၊ ထိန်ထိန်ညီးနေမယ့် လသာညတစ်ညရယ် ၊ နားလည်မှုတွေ အပြည့် အ၀ ပေးနိုင်မယ့် ချစ်သူလေးတစ်ယောက် နဲ့ အဖိုးမဖြတ်နိုင်တဲ့ ပျော်ရွှင်မှုတွေရယ် ခံစားရင်း လောကထဲက ပျော်ရွှင်စွာပဲ ထွက် သွားလိုက်ချင်တာ ။ တကယ့်လက်တွေ့မှာ ရင်ဆိုင်ရမယ့် အော်ဟစ်ငိုယိုမှုတွေ အကူအညီတောင်းတဲ့ အော်ညဉ်းသံစဉ်တွေနဲ့ ယောက်ယက်ခတ်ပြေးလွှားနေကြတဲ့ လူအုပ်ကြီးတွေကို မြင်ချင်စိတ်လည်း မရှိဘူး။ “ခလုတ်ထိမှ အမိတ “ တယ်ဆိုတာက လည်း မဖြစ်နိုင်ဘူးလေ ။ မလွတ်မှန်းသိရက်နဲ့ ပြေးလွှားနေကြတဲ့ လူအုပ်ကြီးကို ကြည့်ပြီးလည်း ရယ်ချင်စိတ်ရှိမှာ မဟုတ်ဘူး ကယ်ပါကယ်ပါ အော်တိုင်းလည်း မကူညီနိုင်ကြမယ့် ပစ္စပ္ပန်အခြေအနေဆိုးကြီးထဲမှာ တဖြည်းဖြည်းနဲ့ကိုယ့်အလှည့် ဘယ်တော့ ရောက်လာမလဲဆိုတာကိုပဲ ရင်ခုန်စွာ စောင့်စားရင်း အခန်းကျဉ်းလေးထဲမှာ တစ်ယောက်တည်း လှောင်ပိတ်ပြီးနေလိုက်တော့မယ်။ ကျွန်မသိပ်ချစ်ရတဲ့ သူတွေရဲ့ အော်ဟစ်သံတွေကို ကြားနိုင်စွမ်းမရှိသလို ကူညီနိုင်စွမ်းလည်းမရှိတော့တဲ့နောက် တစ်ယောက်ထဲပဲ အလှည့်ကျ မနွဲ့စတမ်း ခါးဆီးခံလိုက်မယ် ။ မီးတောက်တွေရဲ့ ကြားမှာ လောင်ကျွမ်းရင်း မီးငြိမ်းတဲ့တစ်နေ့ အေးချမ်းမှုတော့ ရကောင်းပါရဲ့လို့ မျော်လင့်နေရတော့မှာပါ ။


တာဝန်ကျေတဲ့သမီးတစ်ယောက်အဖြစ် ကြိုးစားခွင့်ရလိုက်လို့ ကျွန်မဘ၀ရဲ့နောက်ဆုံးအချိန်မှာ ၀မ်းနည်းနေမယ် မထင်မိဘူး ။ အေးချမ်းတဲ့ဘ၀တစ်ခုကို ရဖို့တော့ ဆုတောင်းနေမိမယ်ထင်တယ် ။ ကျွန်မဘ၀ရဲ့နောက်ဆုံးအချိန်မှာ ပြုခဲ့ဖူးတဲ့ ကောင်းမှုတွေကို အာရုံပြုနေရုံကလွဲလို့ ဘာတွေများ ကျွန်မလုပ်နိုင်အုံးမှာလည်းလေလို့ ကြိုးစားဖြေသိမ့်ရင်း...မှာတမ်းတစ်ခု ကျူးရင့်လိုက် ချင်တာက.............

“ငါသည် သမီးတစ်ယောက်၏ တာဝန်ကို အတတ်နိုင်ဆုံး ကြိုးစားပေးဆပ်ခဲ့၏
ငါ့၏ပေးဆပ်မှုကြောင့် ငါ့မိဘများ ပျော်ရွှင်ခဲ့ကြ၏
ငါ့၏ လုပ်ရပ်သည် မှန်ကန်သည်ဟု ငါယုံကြည်သည်
ငါ့ကြောင့် သူတစ်ဦးတစ်ယောက် ဒုက္ခရောက်ဖူးသည်ဟု ငါမကြားမိ
ထိုကြောင့် ငါ၏ သေဆုံးမှုသည် နာကျင်မှုတစ်စုံတစ်ရာ ခံစားချိန်မရှိအောင် မြန်ဆန်ပါစေသား “

.................*****...................********..........................