ရွှေစက်တော်.........

ခရစ်တော် မပေါ်မီ (၆၀၀)ခုနှစ်တွင် မြတ်စွာဘုရားခြေတော်ရာ နှစ်ဆူ ကိန်းဝပ်စံပယ်ခဲ့၍ အထက်စက်တော်ရာ၊ အောက်စက် တော်ရာ ဟူ၍ ထင်ရှားသည်။ ရွှေစက်တော်ဘေးမဲ့တောကို ၁၉၄၀ပြည့်နှစ်ဇွန်လ (၂၉)ရက်တွင် စတင်တည်ထောင်ခဲ့သည်။ မင်းဘူး (စကု)မြို့နယ်၊ ငဖဲမြို့နယ်နှင့် စေတုတ္တရာမြို့နယ်များပါဝင် တည်ရှိသည်။ ၃၁၄ စတုရန်းမိုင် ကျယ်ဝန်းသော ရွှေစက်တော် ဘေးမဲ့တောတွင် မြန်မာ့ရွှေသမင်ကို အဓိကထိန်းသိမ်းထားကြောင်း သိရသည်။ ငှက်အမျိုးပေါင်း (၁၁၃)မျိုးလည်း အခြား တိရစ္ဆာန်များနှင့် အတူကျက်စားနေထိုင်သည်။

မင်းဘူးမြို့နှင့် ၃၂ မိုင်ဝေးသော မန်းရွှေစက်တော် ဘုရားသည် မကွေးတိုင်း ၊ မင်းဘူးမြို့နယ်တွင်တည်ရှိပါသည် ။ ၁၀၈ ကွက် စက် လက္ခဏာနှင့် ပြည့်စုံသော မြတ်ဗုဒ္ဓ၏ ခြေရာတော် အစစ်ဖြစ်သောကြောင့် စက်တော်ရာ ဘုရားဟုခေါ်တွင်ပြီး မန်းချောင်း အနီး တွင် တည်ရှိသောကြောင့် မန်းစက်တော်ရာ ဘုရားဟု ခေါ်တွင်သည် ။ တနည်းအားဖြင့် မန်းရွှေစက်တော်ရာ ဘုရားဟု ခေါ်ကြသည် ။ မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ကို နှစ်စဉ်နှစ်တိုင်း တပိုတွဲလဆန်း (၅)နေ့တွင် စတင်ဖွင်လှစ်ပြီး မြန်မာ နှစ်ဆန်း(၁) ရက်နေ့ထိကျင်းပပါသည်။

မန်းစက်တော်ရာ ခြေတော်ရာများသည် ဘုရားရှင်ကိုယ်တော်တိုင်ချထားသော ခြေတော်ရာများ ဖြစ်သဖြင့်ဖူးမျှော်ကြည်ညိုသူများနှင့် အထူးစည်ကားသကဲ့သို့ ပျော်ရွှင်စရာ ကောင်းသော အညာဒေသ၏ မန်းချောင်းတွင်ရေချိုးနိုင်သောကြောင့် မန်းစက်တော်ရာ ဘုရားလည်း ဖူးရင်း ၊ ရွှေစက်တော်ဘေးမဲ့တော တွင်လည်း မိသားစုများ သဘာဝတော အရသာကို ပျော်ရွှင်စွာ ခံစားနိုင်သော ကြောင့် မြန်မာပြည် အနှံ့မှ ဘုရားဖူးများနှင့် အထူးစည်းကားလျှက်ရှိပါသည် ။

.........................................

နေခြည်ဖြာသော နွေဦး နံက်ခင်း တစ်ခုတွင် ဘုရားဖူးတစ်သိုက် မန်းစက်တော်ရာ ဘုရားသို့ ကောင်းပေ့ဆိုသော ကားများကို စီး နင်းကာ သစ်ပေ့ဆိုသော အကောင်းစား အ၀တ်တန်ဆာများ ၊ မိန်းမပျို ၊ အို ..တို့ကိုယ်တွင်လည်း ၀င်းဝင်းထိန်သော ရွှေ ဆွဲကြိုး ၊ရွှေလက်ကောက်များ ဆင်မြန်းထားလျှက် ရောက်ရှိလာကြသည် ။ ထိုသူတို့သည် ရန်ကုန်မြို့မှ လူချမ်းသာ အသိုင်းအ ၀ိုင်းမှ ဟုတ်ဟန်တူသည် ။

အသားဖြူဖြူ အရပ်ပုပုနှင့် ၀င်းထိန်နေသောရွှေများ ညွတ်နေအောင် ၀တ်ဆင်ထားသူ အမျိုးသမီးကြီးသည် ဖုန်များကိုတခါခါနှင့် ကားရှေ့ခန်းမှ ပင်ပန်နွမ်းနယ်သော ဟန်ပန်ဖြင့် နွမ်းလျစွာဆင်းချလာသော မရှေးမနှောင်းတခဏမှာပင် အရပ်ရှည် ရှည် အသားခပ်လပ်လပ်နှင့် နေကာမျက်မှန်တပ်ထားသော အမျိုးသားသည်လည်း ထပ်ချပ်မကွာလိုက်ပါလာသည်။ ထိုအမျိုးသမီးကြီး၏ အမျိုးသား ဖြစ်ဟန်တူသည် ။ ကားနောက်ခန်းတွင်မတော့ သူတို့၏ အလုပ်သမားများဟုတ်ဟန်တူသော ခပ်နွမ်းနွမ်း သုံး လေး ယောက် တကွ ခြင်းကြီး ခြင်းငယ် အသွယ်သွယ် အပြင် အ၀တ်အစားများ ပါဝင်ဟန် တူသော အိတ်ကြီး အိတ်ငယ်များ နှင့် စသည် ...စသည် အမည်စုံစွာ......

ထိုသူတို့နှင့် ခပ်လှမ်းလှမ်းတွင်လည်း အကောင်းစားကားတစ်စီး ရပ်နားထားကာ မိသားစုတစ်ခု ဆင်းသက်လိုက်ပါလာသည် ။ ပိုက်ဆံအိတ်ဖောင်းဖောင်းကားကားကို ချိုင်းကြားတွင်ညှပ်ကာ ရှေ့ဆုံးမှဦးဆောင်လာသူသည် ခန့်ခန့်ချောချော အမျိုးသားတစ်ဦး ဖြစ်ကာ ထိုသူ၏နောက်တွင်မတော့ မရယ်မပြုံး ခပ်တင်းတင်းမာနမျက်နှာထားပိုင်ရှင် အမျိုးသမီးကြီးတစ်ဦး နှင့် အတူ ခေတ်လွန် အ၀တ်အစားများနှင့် သားသမီးတစ်စုလည်းပါဝင်သည် ။ ပုဆိုးခပ်တိုတိုဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည်လည်း အုန်းသီး ငှက်ပျော်သီးများပါဝင်သော ကန်တော့ပွဲကို ရွက်ကာ ထိုမိသားစု၏နောက်မှ ထပ်ချပ်မခွာ..............

အရိပ်ကောင်းသော သစ်တစ်ပင်၏ခြေရင်းတွင်ခေတ္တရပ်နားကာ ထိုမိသားစုနှစ်စုသည် တတွတ်တွတ်နှင့်ခေါင်းခြင်းဆိုင်လျှက် ခြေဟန်လက်ဟန် လက်ကောက်သံ တခြွမ်ခြွမ်နှင့် တိုင်ပင်ပြီးသည့် သ ကာလ ကန်တော့ပွဲကို ရှေ့ဆုံးမှရွက်လျှက် အုပ်စုလိုက် တောင်ပေါ်တက်သွားကြလေသည် ။ အဓိကရဲ့ အဓိက အကြောင်းရင်းမှာ မန်းစက်တော်ရာဘုရားကို ဖူးမျှော်ရန်လာရောက်ခြင်း မဟုတ် ၊ သဘာဝတောတောင် ရေ မြေကိုကြည့်ရှုခံစားလိုခြင်းမဟုတ် ၊ မန်းချောင်းရေ ချိုးရန်လည်း စိတ်ဝင်စားကြသူများမဟုတ် ။ ထူးခြားမြင့်မြတ်သော သူတော်စင်ရဟန်းထူးကိုရှာဖွေကာ ပူဇော်ရန် ရည်ရွယ်ရောက် ရှိလာခြင်းသာ အဓိကဖြစ်သည် ။

...............................

သစ်ပင်တောတောင်ရေမြေသည် အေးမြပေစွ ...။ သစ်ပင်ကြီးငယ် စုံအငယ်တို့ထက်တွင် သံသာသော ငှက်အော်မြည်သံလေး များသည်လည်း ကြည်နူးစရာ တေးသံသာလို ချိုမြိန်ဖွယ်ကောင်းလှတယ် ။ ကျောက်ဆောင် ၊ ကျောက်တောင် ၊ ကျောက်ဖျာ တွေက လည်း ဟိုတစ်စ ဒီတစ်စနဲ့ သာယာဖွယ် မြင်ကွင်းဖြစ်လို့ မျက်စိ ပသာဒကြည်မြလှတယ် ။

ဒီလိုသာယာအေးမြလှတဲ့ တောတောင်ရေမြေနေရာတွေမှာ သူတော်စင်ရဟန်းတွေဟာ တစ်ကိုယ်တည်း တရားဓမ္မ ကျင့်ကြံ အားထုတ်ပွားများကာ တရားပေါက်မြောက်နေတဲ့ သူတော်စင်တွေရှိရမယ်ဆိုတဲ့ အတွေးတွေနဲ့ လာရောက်ရှာဖွေ ပူဇော်ခြင်းပဲဖြစ်ပါ တယ် ။

များမကြာမီ အချိန် တခဏမှာပဲ အရိပ်ခပ်ကောင်းကောင်း သစ်ပင်ကြီးရဲ့အောက်မှ ကျောက်ဖျာ အစွန်းတွင် အညိုရောင် ၀တ်ရုံကို ဦးခေါင်းထက်မှ ခြုံလွှမ်းကာ တင်ပလ္လင်ခွေလျှက်အနေအထားရှိသောပုဂ္ဂိုလ်တစ်ပါးအား ရှားပါးစွာတွေ့ရှိလိုက်ချိန်မှာတော့ အားလုံး ၏ မျက်နှာသည် ထိန်ဝင်းလျှက် အပြုံးမျက်နှာကိုယ်စီဆင်မြန်းလို့ ထိုပုဂ္ဂိုလ်ထံသို့ ခြေဖွဖွနင်းကာ ချဉ်းကပ်သွားကြတယ် ။

ပါလာ သော ကန်တော့ပွဲအား ရိုသေစွာ ဦးခိုက်ချထားလျှက် တရားရေအေး အမြိုက်ဆေး တိုက်ကျွေးပါရန် လျှောက်ထား သော်လည်း နှုတ်မှ မမိန့် ခပ်ဆိပ်ဆိပ်သာ နေတော်မူသော်ကြောင့် စိတ်ပျက်အားငယ်သွားကြသော်လည်း ထူးခြားသည့် ရသေ့ပုဂ္ဂိုလ် သူတော် စင် ဖြစ်ခြင်းကြောင့် ဟုသဘောယူဆကာ ၈ပါးသီလကို ကိုယ်တိုင်ယူကြမည်ဟု ဆုံးဖြတ်ကာ ညီညာစွာ ၈ပါးသီလ ခံယူ ဆောက် တည်ကြလေတယ် ။

အဟံ ဘန္တေ တိသရဏေန..............

........................
နမော တဿ ဘဂ၀တော အရဟတော သမ္မာသဗ္မုဒ္ဓဿ...............
.............

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ၊
.......................
...........................

၈ပါးသီလခံယူနေစဉ် တခဏမှာပဲ ထိုသူတော်စင်ထံမှ “ တုတ် “ ဟုသော တိကျပြတ်သား တိုတောင်းသော အမိန့်ကို မိန့်ကြားကာ တဖန်ပြန်လို့ နှုတ်ဆိတ်နေပြန်တယ် ။ ” တုတ် “ဟုသော အသံကို နားနှင့်ဆပ်ဆပ်ကြားသော ထိုသူတို့သည် ရုတ်တရက် နားမလည်နိုင်ဖြစ်ကာ ဆိပ်ဆိပ်မျှငြိမ်သက်ပြီးနောက် တခဏတွင်တော့ ........
အမျိုးသားတစ်ဦးမှ သတိဝင်လာကာ

“ ဟိတ်ကောင်တွေ...ဒူးတွေ တုတ်ထိုင်ကြစမ်း...အမျိုးသမီးတွေရော အမျိုးသားတွေရော...ဒူးတုတ်ထိုင်ကြလေ“
ဟူသော စကားသံကြောင့် အားလုံးဒူးတုတ်ထိုင်ကာ ၈ပါးသီလအား ဆက်လက်ဆောက်တည် ခံယူကြတယ်

*ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဓိယာမိ၊........

............................
......................................

“ တုတ် “



အညိုရောင် ၀တ်ရုံကိုခြုံလွှမ်းထားသော ထိုပုဂ္ဂိုလ်သူတော်စင်ထံမှာ နောက်တစ်ကြိမ် “ တုတ် “ ဟုသော စကားသံကို ထပ်မံ ကြားရပြန်ခြေပြီ ။ ခက်လှစွာတကား..............

နားလည်ရန်ခက်ခဲသော တိုတောင်းသော ထိုမိန့်ကြားချက်ကို အဖြေရှာမရသော်ငြားလည်း......အလိုမကျမှု တစ်စုံတရာကြောင့် သာဖြစ်ရမည် ဟုယုံကြည်လျှက်...........

“ ဟေ့ကောင်တွေ ....ရိုရိုသေသေ ဒူးတုတ်ထိုင်ကြလေ...ဟိုကလေးတွေရော ...အမျိုးသမီးတွေရော...ရိုရိုသေသေ ဒူး တုတ် ထိုင်ကြပါဟ “ ဟု ဆော်သြကာ ၈ပါးသီလကို ဆုံးခန်တိုင်အောင် ဆက်လက် ခံယူတည်ဆောက်ကြတယ်

..............................
........................
................
*ဥစ္စာသယန မဟာသယနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊...
....................

၈ပါးသီလ ခံယူဆောက်တည်ပြီးစီးလို့ သာဓုခေါ်ရန် ပြင်ဆင်ဆဲ တခဏမှာပဲ “တုတ်.......တုတ်.....ဗြုန်း “ ဟု အော် ဟစ်ကာ... အညိုရောင်ပိတ်စကို မနိုင်မနင်း မလျှက် ငုတ်တုတ်အိပ်နေရာမှ လန့်နိုးသွားသော အရူး ကိုသောင်းသည် ခါးကြား မှ ညှပ်ထားသော ယပ်တောင်စုတ်သည် လည်းကောင်း ၊ သစ်ပင်ဘေးတွင် ချထားသော နို့ဆီခွက်စုတ်များကို လည်းကောင်း ၊ ပစ်ချ ကန်ကျောက်ကာ အိပ်မှုန် စုံမွှားဖြင့် ခြေဦးတည့်ရာ တဟီးဟီး တဟားဟား အော်ရယ်လျှက် ပျောက်ကွယ်သွားလေတော့ သတည်း............။

...........................

သူများတကာထက် ထူးချင်ကြသော ရွှေမြို့တော်မှ ဦးဦး ဒေါ်ဒေါ် ကိုကို မမ များသာ ပါးစပ်အဟောင်းသားနှင့် လက်အုပ်ချီလျှက် မင်သက် ကျန်ခဲ့ကြလေတယ်.............။


.............................

မှတ်ချက်။ ။ ရွှေစက်တော်တွင် ဖြစ်ပွားခဲ့သော တကယ့်ဖြစ်ရပ်မှန်တစ်ရပ်ဟုဆိုသည် ။ နယ်လှည့် သာသနာပြု ရဟန်းတစ်ပါးထံမှ တရားပွဲတွင် ထပ်ဆင့်ကြားသိခဲ့ရသော အဖြစ်အပြက်ဖြစ်ပါသည် ။

အချက်အလက် အချို့အား “ နှလုံးသား မှတ်စုတိုများ“ ဘလော့ခ်နှင့် ဂူဂယ်လ်မှ ကူးယူဖော်ပြပါတယ်