“ သံယောဇဉ်ကြိုးတစ်စရဲ့ အနုပညာဟာ နက်ရှိုင်းခြင်း ဖြစ်နေခဲ့ပါလျှင်...မိမိ၏စိတ်အား မမေ့မပျောက် စိုးမိုးနိုင်ခြင်း ဆိုတဲ့ အနုပညာကရော ချစ်ခြင်းတစ်ခု မည်ပါရဲ့လား....“


တွေ့ဆုံခြင်းတွေမှာ ရင်းနှီးမှုတွေ ရောပါနေတယ်

ရင်းနှီးမှုတွေရဲ့ နောက်မှာ ခင်မင်မှုအတိုင်းအတာတွေ အပြည့်အသိပ် နေရာယူလို့...

အဲဒါတွေရဲ့နောက်ကတော့ ကြည်နူးမှုတွေ ၊ တွယ်တာခြင်းတွေ......

ရင်ခုန်ခြင်းတွေ မဟုတ်ရပါပဲနဲ့ ပျော်ရွင်မှုတွေ စီးဝင်နေရခြင်းဟာ.....ကာရန်မကိုက်တဲ့ သံစဉ်တစ်ပုဒ်ကို ဆိုငြီးနေရသလိုပါပဲ
စိတ္တဇဆန်လိုက်တာ

သက်ဆိုင်သူမဟုတ်ရပါပဲ မေ့ပျောက်မရနိုင်ခြင်းတွေကရော ချစ်ခြင်း အနုပညာရဲ့ တစိတ်တဒေသများလား..
............................

ပွင့်လင်းရာသီတစ်ခုရဲ့ နွေဦးနံနက်ခင်း တစ်ခုဟာ ကျွန်မဘ၀အတွက် တွယ်တာမှု အနုပညာ တွေကာရံထားတဲ့ မှော်ဝင်ခန်း အစ တွေမှန်း တကယ်ပဲ သတိမထားမိခဲ့ဘူး ။ မူလတန်းနောက်ဆုံးနှစ်ကျောင်းသူဘ၀မှာ တွေ့ဆုံခွင့်ရတဲ့ကြတဲ့ တစ်ဦးတည်းသော အကိုဖြစ်သူရဲ့ ချစ်သူငယ်ချင်းတွေ....

အသားဖြူဖြူ ရုပ်ဖြောင့်ဖြောင့်နဲ့သူကတော့ “ဖြိုးဝေစိုး“ လို့အမည်ရတယ် ။ နာမည်ပြောင်ကတော့ “စိုးသူ“ တဲ့ ။ ၈၀ ရာခိုင်နှုန်းစိုးသူနဲ့ ခပ်ဆင်ဆင်မို့ သူ့ကို “စိုးသူ“လို့ပဲခေါ်ခဲ့ကြတယ် ။

နောက်တစ်ယောက်ကတော့ အရပ်ပုပု အသာညိုညိုနဲ့ ဆန်စက်ပိုင်ရှင်ရဲ့သားဖြစ်သူကတော့ “ထွန်းမြင့်ထွန်း“ဆိုသူပေါ့ ။ သူ့ရဲ့အကျင့်ကတော့ ရေခဲချောင်းတွေ တပုံတပင်ဝယ်ကာ ပန်းကန်လုံး တစ်လုံးထဲထည့်လို့ ဇွန်းကြီးကြီးနဲ့ အားရပါးရ စားတတ်သူ ။

နောက်ဆုံးတစ်ယောက်ကတော့ အရပ်ရှည်ရှည် အသားခပ်လတ်လတ် နဲ့ စကားထစ်တတ်သူ “အောင်နိုင်စိုး“ ဆိုသူပါ ။ နယ်က တဆင့်ကျောင်းတက်ရသူမို့ ကိုကို့နဲ့ပိုလို့အနေနီးသူပေါ့ ။ စကား ပြောရင် ထစ်ထစ် ထစ်ထစ် နဲ့မို့..သူစကားပြောရင် လိုရင်းရောက်ဖို့ အချိန်ယူရတယ် ။ ဒီကြားထဲ ခင်မင်သူတွေရဲ့ အစအနောက် ကိုပါခံရသေးတယ် ။ သူ့ကို စရင်းနောက်ရင်းနဲ့ပဲ နောက်ဆုံးတော့ အားလုံး စကားထစ်ကုန်တဲ့အထိ ဖြစ်အောင်ကို နောက်တတ်ကြတယ် ။

သူတို့တွေကတော့ အကိုဖြစ်သူရဲ့ အချစ်ဆုံးသူငယ်ချင်းတွေပေါ့ ။ အလယ်တန်းကျောင်းသားကြီးတွေ ဆိုပါတော့ ။ ကျွန်မတို့နေ ရပ်ဟာ အထက်တန်းကျောင်းတော်ကြီးရဲ့ ရှေ့တည့်တည့်မှာ ဖြစ်နေလေတော့ အားလုံးရဲ့စုရပ်ဟာ ကျွန်မတို့အိမ်ကလွဲလို့ အခြား မရှိပေါ့ ။

မူလတန်းနောက်ဆုံးနှစ်ကျောင်းသူကြီး ကျွန်မက ပဲမများတတ်သလို အလယ်တန်းကျောင်းသားတွေဖြစ်တဲ့ ကိုကိုနှင့်ချစ်သူငယ်ချင်း များကလည်း ချစ်သူမထားတတ်ကြတော့ အရာရာဟာ ရေတစ်စက်လို သန့်ရှင်းစင်ကြယ်လို့ အပစ်ကင်းကင်း လတစ်စင်းလိုပါပဲ ။
ဖြတ်သန်းလာခဲ့ကြတဲ့ နေ့ရက်တွေက သမရိုးကျ ဆန်သလို ၊ နှောင်ဖွဲ့ခဲ့ကြတဲ့ သံယောဇဉ်တွေကလည်း ချည်နှောင်ရစ်ပတ် ဖြူ စင် သင်းသန့်လို့....။

စနေသားကိုကိုက စိတ်မရှည်တတ်သလို ၊ လုံးထွေးရစ်ပတ်မရှိလှတဲ့ ကျွန်မတို့မောင်နှမရဲ့ ရင်းနှီးမှုက တစိမ်းမဆန်ရုံတမယ်ပါပဲ ။ ကိုကို နဲ့ကျွန်မက ၈နှစ်ကွာတာမို့ဖုတ်လေတဲ့ ငါးပိရှိတယ်တောင် မထင်ခဲ့ပါဘူး ။ စိတ်ကြီးတဲ့ ကိုကို့ကို စာလည်းမမေးရဲခဲ့ပါဘူး။ သချာင်္တွေ အခက်တွေ့တိုင်း ဖြေရှင်းသင်ပြပေးခဲ့တာက စိတ်မရှည်မှုတွေနဲ့ဆိုတော့ ရေငုံနှုတ်ပိတ် ဆိတ်ဆိတ်နေခဲ့ရတယ် ။ ကျွန် မရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးသူက ကိုကို့ရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ “ကိုအောင်နိုင်စိုး“ ပါ။

ကိုကို ကျွန်မကို ဆူတိုင်း ပြန်လည်ရန်ထောင်သူကလည်း “ကိုအောင်နိုင်စိုး“ ပါပဲ ။

“ မင်းကွာ...ကလေးကို မဆူပါနဲ့..နားမလည်ရင် သေချာရှင်းပြပေးမှပေါ့ကွ “ လို့အမြဲအလိုလိုက်ခဲ့သူပါ ။ သူ့မှာ ခင်တွယ်စ ရာ ညီမ မရှိတော့ ကျွန်မကို သူ့ညီမလိုပါပဲ ။ အလိုလိုက်တယ် ၊ခင်တွယ်တယ် ၊ သံယောဇဉ်ပေါ့လေ ။ ဘန်းစကား တွေ ခေတ်စားချိန်မှာ သူ ကျွန်မကို ခေါ်တာက “ စတု ၀တေ “တဲ့ ။

.................................

အချိန်ရာသီတွေ တဖြည်းဖြည်းတိုက်စားလို့ အသက်တွေလည်းကြီးရင့်လာခဲ့ပြီလေ ။ ပြောင်းလဲတတ်တဲ့ လောကကြီးရဲ့အောက်မှာ ကျွန်မတို့အားလုံး ပြောင်းလဲမှုတွေကိုယ်စီနဲ့ အသက်ရှင်လို့ရှေ့ဆက်ရမယ့် ဘ၀ခရီးကို အံတုကြရဦးမှာပေါ့ ။

“လ“ ကို “နှစ် “ ကတိုက်စားလာတော့ တစ်ယောက်တစ်နယ်စီ ရောက်နေကြသည်ပေါ့ ။ စိုးသူ ဆိုသူက ကိုယ်ပိုင်စီးပွားရေး တစ်ခုနဲ့ နေသားတကျ ဖြစ်နေချိန်မှာ ကိုထွန်းမြင့်ထွန်း ဆိုသူက ဖခင်ဖြစ်သူဆန်စက်မှာ ၀င်ကူလို့ ၊ကိုအောင်နိုင်စိုးဆိုသူကတော့ ရန်ကုန်မြိဲု့မှာ တက္ကစီမောင်းကာ အသက်မွေးနေကြသည်..တဲ့ ။

တက္ကသိုလ်ကျောင်းသူကြီး ကျွန်မကလည်း စီးပွားရေးမေဂျာနဲ့လုံးထွေးနေရသည်ပဲလေ။ အိမ်နဲ့ခွဲလို့ ရန်ကုန်မြို့မှာ မယောင်မ လည် ဖြစ်နေချိန်မှာပဲ ကိုအောင်နိုင်စိုးဆိုသူနဲ့ မထင်မှတ်ပဲ ပြန်ဆုံခွင့်ရခဲ့တယ် ။ အဲဒီနေ့က စလို့ ကျွန်မကျူရှင်ယူရာ ဗိုလ်အောင်ကျော်လမ်းက “ကျော် ကြီး“ အတန်းချိန်တိုင်းကို ကြိုပို့လုပ်ပေးခဲ့သေးတယ် ။ အချစ်ဆုံးသူငယ်ချင်းရဲ့ ညီမဖြစ်သူ ၊ စားအိမ် သောက်အိမ် ဖြစ်တဲ့ ကျွန်မတို့အိမ်မှာပဲ ကြီးပြင်းခဲ့တဲ့သူဆိုတော့ ကျွန်မ မိသားစုနဲ့ဝေးကွာနေချိန်မှာ စောက်ရှောက်ပေးခဲ့ သူမို့ ကျွန်မရဲ့ အားကိုးရာဟာ သူပါပဲ ။

ရင်းနှီးခဲ့ကြတဲ့ အချိန်တွေ ၊ ကိန်းအောင်းနေခဲ့ကြတဲ့ အဖြူရောင် သံယောဇဉ်တွေ နဲ့ ဖြတ်ကျော်လာခဲ့တဲ့ အတိတ်ရဲ့ ကာလာမဲ့ အရောင်တွေနောက်မှာ အားနာတာတွေ ၊ သူစိမ်းဆန်တာတွေ ၊ လျှို့ဝှက်မှုတွေ ၊ ဟန်ဆောင်ခြင်းတွေ စီးဝင်မနေခဲ့ပါဘူး ။ ပြန်တွေ့တော့လည်း အရင်အတိုင်းပါပဲ ။ ခင်ခင်မင်မင် ၊ ကြင်ကြင်နာနာ အမူအယာ တွေအပြည့်နဲ့။ ကျွန်မတို့တွေ လွပ်လပ်ခဲ့ ကြတယ် ။ ကျွန်မတို့ရဲ့ ရင်းနှီးမှုမှာ အရောင်တွေမပါဘူး ။ နှောင်ကြိုးတွေ မပါဘူး ။ သန့်သန့်ရှင်းရှင်းနဲ့ တကယ်ကို လွပ်လပ် တဲ့ ငှက်တွေလိုပါပဲ ။ ကျွန်မတို့ကြားမှာ အထင်လွဲစရာတွေ မရှိဘူး ။ သူများတွေမြင်ရင်တော့ ဘယ်လိုတွေထင်ကုန်တော့မှာပဲ ဆိုတဲ့ အတွေးတွေ မရှိဘူး ။ ၁၀ နှစ်လောက်ကွာတဲ့ ကျွန်မတို့နှစ်ယောက်က ကစားကွင်းတွေကြားမှာ ခုန်ပေါက်ရင်း တရိစ္ဆာန် ဥယျဉ်ထဲက ကျွန်မချစ်တဲ့ မျောက်တွေနားမှာ ပျော်မြူးရင်း အချိန်တွေ ကုန်လွန်ခဲ့ဘူးတယ်။

အပျိုပေါက်စ ကျွန်မကို ရှက်မှန်းသိလို့ နောက်ခဲ့တာတွေကို ပြန်သတိရနေသေးတယ် ။ ပန်းခြံတွေထဲမှာ အတွဲတွေမြင်တိုင်း မထိတထိ နောက်တတ်လွန်း လို့ ခလုတ်တိုက် လဲမတတ်ဖြစ်တဲ့အထိ ရှက်ခဲ့ဖူးသေးတယ် ။ အတွဲတွေမြင်ရင် ရှက်တတ်တဲ့ ကျွန်မ ကိုသူက

“ ဟိုမှာ ကြည့်စမ်း စတုဝတေ “
“ဘာလဲ ဘာပြတာလဲ..ဘာကိုကြည့်ရမှာလဲ “
“ ကြည့်စမ်းပါ..ဟိုဘက်မှာ ကြည့်လိုက်စမ်း..ဟိုအတွဲတွေဘာတွေလုပ်နေလဲ“ ဆိုပြီး လက်ညှိးထိုးပြတော့
“ဟာ“ ဆိုပြီး ရှက်ရှက်နဲ့လှည့်ပြေးလိုက်တာ လှဲမတတ်ပါပဲ ။ ရင်တောင် မခုန်ဖူးသေးတော့ အဲဒါမျိုးတွေ မြင်ရင် ကြည့်လည်း မကြည့်ရဲသလို ရှက်လည်းရှက်တယ် ။


ဖက်ရှင်ကို စိတ်ဝင်စားတဲ့ ကျွန်မက မေမေ့ကျေးဇူးကြောင့် စက်ချုပ်ပညာကို သင်ကြားခွင့်ရခဲ့တယ် ။ ပထမနှစ်ကျောင်းသူ ဘ၀ကစလို့ သူများနဲ့ မတူအောင် စတိုင်ထွင်လို့ ၀တ်ခဲ့သေးတာကို အမှတ်ရမိတယ် ။ အဆန်းတွေနဲ့ ကျွန်မကို ဂရုစိုက်ခဲ့ တာကလည်း အနီးဆုံးလူ သူပါပဲ ။ စကတ် သုံးလွှာတွေ ခေတ်စားနေချိန်မှာ ကျွန်မက လေးလွှာစကတ်ရအောင် ချုပ်တတ်သလို မဂ္ဂဇင်းထဲက မော်ဒယ်လ်တွေရဲ့ ဒီဇိုင်းတွေကိုလည်း ဖြတ်ညှပ်ကပ် ပေါင်းစပ်လို့ သူများနဲ့ထူးအောင် ထွင်တတ်သူ...။

“ ဒီ အင်္ကျီဇစ် က နဲနဲအပေါ်ဆွဲတင်လို့ မရတော့ဘူးလား“
ဟင့်အင်း မရတော့ဘူး ဒါနောက်ဆုံးပဲ ။

“ ဒီ စကတ်က ဘယ်လိုစတိုင်လဲ “
အဲဒါ ထွင်ထားတာလေ ဘယ်သူမှ မ၀တ်ဖူးသေးဘူး

“ ဒီ ဒီဇိုင်းကရော ထွင်ထားတာပဲလား “
ဟုတ်တယ်လေ ဘယ်ဒီဇိုင်နာမှ မထွင်ဖူးသေးဘူး မဂ္ဂဇင်းတွေထဲက ကြိုက်တာတွေကို ပေါင်းစပ်ထားတာ ။

“ လည်ပင်းက နဲနဲ ဟိုက်နေတယ်“
အော်...ဒီစတိုင်က အဲဒီလိုမှ ကြည့်ကောင်းမှာလေ ။ မဟိုက်ရင် ဘယ်ကြည့်မကောင်းမလဲ ။

စသဖြင့် အသေးစိတ်က အစ လိုက်ကြည့်လို့ ဂရုစိုက်ပေးခဲ့တာ ။


အရိပ်လို အနားမှာ အလိုလိုက်ပေးတဲ့ သူ့ကို ကိုကို့အရှိန်နဲ့ စိုးချင်တိုင်းစိုးလို့ အမြဲအနိုင်ကျင့်ခဲ့တယ် ။ ဒါ့အပြင် ကျောင်း ကိစ္စတွေကြောင့် သူ့တက္ကစီ ကိုချောဆွဲလို့ ဒုက္ခပေးခဲ့ဖူးတာလည်း အကြိမ်ကြိမ်ပါပဲ ။ ဒါတွေကို သူတစ်ခါမှ ညည်းငြူတာ မကြားခဲ့ရဘူး ။ အပြင်ကိုသွားတိုင်း ကျွန်မတို့ရဲ့ ဆုံမှတ်နေရာက “သမိုင်းလမ်းဆုံ“ ပါ။ သမိုင်းလမ်းဆုံက ကြေးအိုးဆိုင်က ကျွန်မတို့ အားပေးနေကျပေါ့ ။ ကျွန်မတို့ရဲ့အမှတ်တရ နေရာလည်း ဖြစ်တယ်လေ ။ သက်ဆိုင်သူတွေ မဟုတ်ကြသလို အပေး အယူလည်း မရှိဘူး ၊ နှောင်တွယ်မှုတွေလည်း မရှိဘူး ။ ပွင့်ပွင့်လင်းလင်းပဲ ကျွန်မတို့ ခင်မင်ပျော်ရွှင်ခဲ့ကြတာပါ။

................................

ကျောင်းပြီးတော့ ကျွန်မတို့တွေ မတွေ့ဖြစ်ကြတော့ဘူး ။ သူလည်း သူ့လမ်းသူလျှောက်လို့ ကျွန်မလည်း သင်တန်းမျိုးစုံကြားမှာ မအားလပ်ပါဘူး ။ ဝေးကွာနေတဲ့ မိသားစုတွေကို လွမ်းဆွတ်ရင်း ဆက်လက်လျှောက်လှမ်းရမယ့် အနာဂတ်အတွက် ကျွန်မအားယူ ရင်း အချိန်တွေကို ကုန်ဆုံးစေခဲ့တယ် ။

တမြေဆီ ဝေးနေကြပေမယ့် ဆက်သွယ်ရေးရဲ့အကျိုးဆက်ကြောင့် ဘယ်သူငယ်ချင်းကတော့ အိမ်ထောင်ကျလို့ ဘယ်သူတွေက တော့ မွဲကုန်ကြပြီ ။ ဘယ်သူ့တွေက ကွယ်လွန်လို့ ဘယ်သူကတော့ဖြင့် ဘယ်ကိုရောက်သွားပြီ....စသဖြင့် အားလုံးသိခဲ့ရတယ်
တစ်ချိန်တည်းမှာပဲ ကိုအောင်နိုင်စိုး အိမ်ထောင်ကျသွားပြီ ဆိုတဲ့ သတင်းကိုကြားခဲ့ရတယ် ။ ဘယ်သူဘယ်ဝါဆိုတာ မသိရပေမယ့် ဘယ်လို ဇနီးမျိုးဖြစ်မလဲဆိုတာကိုတော့ သိချင်နေမိခဲ့တယ် ။ ဘယ်လိုမှ မခံစားခဲ့ရပေမယ့် ဇနီးကောင်းတစ်ယောက်မှ ဟုတ်ရဲ့ လားဆိုတဲ့ အတွေးလေးတော့ ၀င်ခဲ့မိတယ် ။ မင်္ဂလာပွဲကို မချီးမြှင့်ခဲ့ရလို့ စိတ်မကောင်းဖြစ်ခဲ့ရုံက လွဲလို့ အရာတိုင်းဟာ သူ့အ လိုလို ပြီးဆုံးသွားတာပါပဲ ။ တိုက်စားလာတဲ့ သက္ကရာဇ်တွေရဲ့နောက်မှာ လှုပ်ရှားရုန်းကန်းရင်း ကုန်ဆုံးလိုက် ၊ ရရှိလိုက် ၊ သစ်လိုက် ဟောင်းလိုက်နဲ့ ဘ၀ရဲ့ အချိန်တွေဟာ အိုမင်းရင့်ရော်လာတာပါပဲလေ ။

ဘယ်အရာမှ မမြဲတဲ့ လောကကြီးမှာ တစ်ခါတစ်လေလည်း တစ်ယောက်တည်း ၊ တစ်ခါတစ်လေလည်း အဖော်တွေနဲ့ ၊ တစ်ကြိမ် တစ်ခါ ပျော်ရွှင်ခွင့်ရခဲ့ရင် တစ်ကြိမ်တစ်ခါတော့ ငိုကြွေးရမှာပါ ။ ဒီအချီမှာ အောင်နိုင်သူဖြစ်နေပေမယ့် နောင်တစ်ချီမှာ ရှုံးနှိမ့်သူ ဖြစ်သွားနိုင်တာတွေဟာ လောကနိယာမထဲက မှန်ကန်မှုတွေပဲ မဟုတ်လား ။

............................................

ဒီလိုနဲ့ ကျွန်မ တစ်ရက်ထက်တစ်ရက် အိုမင်းရင့်ရော်လာလိုက်တာ ၂၀ ကျော်လို့ ၃၀နားတောင် နီးလာခဲ့ပြီ ။ အတိတ်ဟာ အတိတ်မှာ ကျန်ခဲ့တယ် ဆိုပေမယ့် ရင်ထဲက သံယောဇဉ်တွေ ပျော်ရွှင်မှုတွေဟာ အမြဲတမ်းနွေးထွေးနေတယ်ဆိုတာ ယုံနိုင်စရာ ကောင်းပါ့မလားပဲ ။ ချည်နှောင်မှုတွေ မပါတဲ့ ပျော်ရွှင်မှုမျိုး ၊ အပေးအယူမပါတဲ့ လွပ်လပ်မှုမျိုး ၊ ကလေးဘ၀လို ခုန်ပေါက်ကစား ခဲ့ဖူးတဲ့ ရသမျိုး နောက်တစ်ကြိမ်ပြန်မရနိုင်တော့တာ သေချာမှု တစ်ခုဖြစ်နေခဲ့ပြီလေ ။

အတိတ်ရဲ့ ရပ်ဝန်းလေးကို ဖြတ်သွားမိတိုင်း သူ့ကိုသတိရနေမိတယ် ။ တက္ကစီတွေမြင်တိုင်း တစ်ချိန်က အနိုင်ကျင့်ခဲ့ဖူးတဲ့ စကား ထစ်ထစ်နဲ့ စတုဝတေ လို့ခေါ်ခဲ့ဖူးသူကို သတိရတယ် ။ ကျွန်မကို အမြဲဂရုတစိုက်ဝေဖန်တတ်သူကို သတိရတယ် ။ တစ်ချိန်က စာပြပေးဖူးတဲ့ စိတ်ရှည်တတ်တဲ့ ကိုကို့သူငယ်ချင်းကိုလွမ်းတယ် ။ စတိုင်ပန်နဲ့ ရှပ်အင်္ကျီ အမြဲဝတ်ကာ ဗိုလ်အောင်ကျော်လမ်းက ကျော်ကြီး ကျူရှင်အောက်မှာ တက္ကစီ တစ်စီးနဲ့ စောင့်နေတတ်တဲ့ သူ့ကို သတိရမိနေတယ် ။ ကျွန်မရဲ့ ရင်ထဲမှာ အမြတ်တနိုး
ဖြူစင်စွာ ရှိနေပေးခဲ့တဲ့ သူ့ကို သိပ်ကို သတိရမိနေတယ် ။ အထူးသဖြင့် မဖြူမစင် ချဉ်းကပ်လာသူတွေနဲ့တွေ့ရင် သူ့ကို ပိုလို့ လွမ်းမိပါတယ် ။ အမှတ်တရ ရင်ထဲမှာ ရှိနေခြင်းဟာ စွဲလမ်းခြင်း အနုပညာလား ဒါမှမဟုတ် အဖြူရောင် သံယောဇဉ်တွေရဲ့ အ ဆုံးသတ် နိဂုံးလား ဆိုတာ ကျွန်မ မသိရှိသေးခင်မှာပဲ အဖြေရှာမှုကို ရပ်နားလိုက်ရတယ် ။


ကျွန်မ အတိအကျမသိတဲ့ ရာသီတစ်ခုမှာ ကျွန်မမသိရသေးတဲ့ ရောဂါတစ်ခုနဲ့ ကျွန်မမသိတဲ့ အချိန်မှာပဲ လောကကြီးထဲကနေ ထွက်သွားခဲ့ပြီ..တဲ့။ ကျွန်မ အဖြေမသိတဲ့ ခံစားမှုကို ခံစားနေရတယ် ။ နှမြောတာလား ၊ ငိုချင်တာလား ၊ ဖြေဆည်မရတာလား ဘာမှ ဝေခွဲလို့မရနိုင်ပေမယ့် ကျွန်မရင်ထဲမှာ မကောင်းဘူးဖြစ်နေတယ်။ အဖြူရောင် သံယောဇဉ်တွေရဲ့နောက်က သူတစ်ယောက် ကို ကျွန်မမေ့လို့မရတာ ချစ်ခြင်း ရဲ့ အနုပညာ တစ်ခုလား....။

ချစ်ခြင်းရဲ့ အနုပညာ ကို အဓိပ္ပာယ်ဖွင့်ဆိုလို့ ....ချစ်ခြင်း အနုပညာ ရဲ့ အဖြေဟာ

တစ်ယောက်ကို တစ်ယောက်ဂရုစိုက်ခြင်း
မျော်လင့်ခြင်း မရှိတဲ့ ပေးဆပ်ခြင်း
ပျော်ရွှင်မှုကိုသာ ရှေးရှုခြင်း
တစ်ယောက်ကို တစ်ယောက် ဖေးမခြင်း
ဟန်ဆောင်ခြင်း မရှိတဲ့ ပျော်ရွှင်ခြင်း
အပေးအယူမရှိတဲ့ ချစ်ခြင်းမေတ္တာ ...ဖြစ်မယ်ဆိုရင် ကျွန်မတို့ရဲ့ သံယောဇဉ်ဟာ ချစ်ခြင်းရဲ့အနုပညာ မည်မှာပါ

ခက်ခဲနက်နဲလှတဲ့ ချစ်ခြင်းရဲ့ အနုပညာဟာ လိုက်လို့မမှီနိုင်အောင်ကိုလေးနက်လွန်းလို့ အဓိပ္ပာယ်ဖွင့်ဖို့ရာ မလွယ်လှပါဘူး ။
အဲဒီ နားလည်ရခက်တဲ့ ချစ်ခြင်းအနုပညာထဲမှာ ကျွန်မ စီးဝင်ခဲ့ဖူးတယ် ။ လေးနက်ခဲ့ဖူးတယ် ။ ရင်ထဲမှာ အစိုင်အခဲတစ်ခု အဖြစ် တည်ရှိနေခဲ့တယ် ။ မရှိတော့ပေမယ့် ရှိနေဆဲ ၊သေဆုံးသွားပေမယ့် ရှင်သန်ဆဲ ၊ ပျောက်ဆုံးသွားပေမယ့် သတိရနေဆဲ ၊ ဘယ် လိုပဲဖြစ်ဖြစ် ရင်ထဲက ချစ်ခြင်းရဲ့အနုပညာကတော့ ရှင်သန်ဆဲပါ.....။


( ကောင်းရာ ဘုံဘ၀မှာ အဆင်ပြေချောမွေ့စွာ စံစားရင်း ခံစားနိုင်ပါစေ)

3 comments:

လင်းကြယ်ဖြူ said...

ဖတ်ပြီး စိတ်မကောင်းဖြစ်မိပါတယ်
သူလည်း ကောင်းရာ ဘ၀ မှာ အဆင်ပြေလို့
ပျော်ပါစေ..လို့....

သဒ္ဓါလှိုင်း said...

ဖတ်ပြီးစိတ်မကောင်းဖြစ်ရတယ် ညီမရေ..
လင့်ချိတ်ခွင့်ပြုပါနော်..
ခင်မင်စွာ
သဒ္ဓါ

Unknown said...

Hi!Great and interesting blog you have:) Come and visit my site too. http://motors.com.mm/?utm_campaign=mot_mm_lb_blog_martaste&utm_source=mot_lb_blog&utm_medium=lb_blog