နင်မရှိတဲ့ ငါ

နားလည်မှုတွေ တနင့်တပိုး ထမ်းထားရတဲ့ ငါ့ကို
နည်းသေးတယ် ထင်သေးလို့
နင်းချေရက်တဲ့ နင့်အတ္တကို
နင့်ကို နင်ရော သိရဲ့လား။

နည်းနည်းနောနောမှ မဟုတ်ခဲ့တာ
နာရီပေါင်းများစွာ နီးခဲ့တာလေ
နစ်နာခဲ့ရခြင်းတွေ အတွက်တော့
နာကျည်းမနေတော့ပါဘူး။

နင်မပါပဲ လျှောက်နေရတဲ့လမ်းမှာ
နံနက်ခင်းတွေဟာ နေ၀င်လို့
နင်ပေးခဲ့တဲ့ အိပ်မက်အသေတွေနဲ့အတူ
နိုးထခဲ့ရတဲ့ နှလုံးသားကတော့
နွမ်းနယ်နေရဦးမှာပါ။

နာကျင်မှု မုန်တိုင်းကြားကငါ
နေသားတကျနဲ့
နှုတ်ဆိတ်နေတော့မှာလေ
နင်ပျော်ရွှင်ပါစေတော့။

အလွမ်းဆုလဒ်

ဝိုင်းစုခိုင်သိန်းရဲ့ အလွမ်းဆုလဒ် သီချင်းကို ဒါရိုက်တာ ကိုသီဟကပဲ အပျော်တမ်းရိုက်ပေးခဲ့တာပါ။ ဒူဘိုင်းမြို့ရဲ့ အချို့မောလ်တွေနဲ့ ဂျူမဲရားကမ်းခြေမှာအဆုံးသတ်ထားပါတယ် ။ အပျော်ရိုက်ထားတဲ့အတွက် အပျော်သဘောလေးပဲထားပေးပါ ။ အမှတ်တရ တစ်ခုအနေနဲ့ပါပဲ။

ဖလိုက်ကပြန်လာတိုင်း အချိန်လုပြီးရိုက်ခဲ့ရတာပါ။ သူမအား ကိုယ်မအားနဲ့ အချိန်ညှိမရခဲ့တော့ အိပ်ယာနိုးနိုးခြင်း မျက်နှာကိုရေနဲ့ပဲ သစ်ပြီး ရိုက်ခဲ့ရတဲ့နေ့တွေကများပါတယ်။ ဒါရိုက်တာကပြောတယ် ညစ်ပတ်တဲ့ မင်းသမီး ဒီတစ်ခါပဲ ရိုက်ပေးဖူးသေးတယ်တဲ့ ။ မခံချင် တာနဲ့ တစ်ခန်းတော့ မိတ်ကပ်ရအောင်လိမ်းပြီးရိုက်လိုက်သေးတယ်။

ပြီးတော့ရှိသေးတယ် ။ အရက်သောက်တဲ့အခန်းပေါ့ ။ သူများပုလင်းကို သွား မ လာခဲ့တာလေ ။ သောက်တဲ့ခွက်ကတော့ ဘေဇင်ကရေကို သံပုရာသီးစိတ်ထည့်လိုက်တာပါပဲ ။ အဲ ပုလင်းလိုက်မော့တဲ့အခန်းကတော့ မျက်စိရှင်မှမြင်မှာပါ ။ ပုလင်းဖုံးမဖွင့်ပဲမော့ခဲ့တာလေ ။ ကိုဇော်ထက်ပြောမှ အားလုံးသတိထားမိတယ် ။ နင် မော့တာ အဖုံးလည်းမဖွင့်ဘူးတဲ့ ။ သိတဲ့အချိန်က အားလုံးပြီးသွားပြီလေ ။ ချောင်းဆိုးတဲ့ အခန်းကတော့ အရက်သောက်လို့မဟုတ်ပါဘူး ။ ရှေ့မှာချထားတဲ့ ဆေးလိပ်ငွေ့ကြောင့်ပေါ့ ။ အားလုံးအမှတ်တရတွေပါ အများကြီးပါပဲ။ ပျော်ဖို့လည်း တကယ်ကောင်းခဲ့တဲ့ အချိန်တွေပါပဲ။

အခုတော့သူလည်း ရွှေပြန်ပြန်သွားတယ်။ မကြာပါဘူး ချစ်သူကပါပြန်သွား တော့ သီချင်းထဲကလိုပဲ လွမ်းနေရတော့တယ် ။ အားလုံးကို သတိရနေမိတယ် ။

(အစိမ်းရောင် အစင်းတွေက ဘယ်လိုဖြစ်တာပါလိမ့် ။ မူရင်းမှာမပါသလို ယူကျူ့မှာလည်း အဆင်ပြေပါတယ်။ သိရင် လက်တို့ လိုက်ပါနော်) http://www.youtube.com/watch?v=McpdteamPpw


မွန်မြတ်ခြင်း

သမီးပျိုရဲ့ ပထမဆုံး အပျော်တမ်း အမ်တီဗွီလေးပါ ။ ဒါရိုက်တာ ကိုသီဟရဲ့လက်ရာပါပဲ ။ သူငယ်ချင်းတွေ တစ်ပျော်တစ်ပါးနဲ့ ရိုက် ကူးခဲ့တာပါ ။ အဲဒီညက အခန်းထဲမှာ အင်ဒိုးရိုက်နေတုန်း ည ၁၂နာရီကျော်သွားလို့ လုံခြုံရေးတွေ လာရောက်တံခါးခေါက်လို့ ကြိမ်း မောင်းခြင်းကို ခံခဲ့ရပါတယ် ။ဘိန်းဖြူရောင်းတဲ့အခန်းရိုက်တဲ့ညပေါ့ ။

သီချင်း Edit လုပ်ပြီးတော့ အားလုံးပြန်ကြည့်ကြတဲ့ညမှာပဲ ကုတ်အကျီအဖြူဝတ်ပြီး လူဆိုးခေါင်းဆောင်သရုပ်ဆောင်တဲ့ အကိုတို့ လင်မယားရန်ဖြစ်ခဲ့ကြပါသေးတယ် ။ “ဘယ်သူလဲလို့ ကြည့်နေတာ လက်စသတ်တော့ ရှင်ကိုး“ ဆိုပြီးတော့ပေါ့ ။ ငိုအားထက် ရယ်အားသန်ခဲ့ရပါတယ် ။

အခုတော့လည်း ရွှေပြည်ပြန်တဲ့သူကပြန် ကျန်တဲ့လူကကျန်နဲ့ လူမစုံကြတော့ပါဘူး ။ ဒီသီချင်းလေးပဲ အမှတ်တရကျန်ခဲ့ပါတော့ တယ် ။ အရင်အချိန်တွေကို သတိရနေမိတယ် ။

ချစ်တတ်စေချင်

“ အချစ်“

သန့်ရှင်းဖြူစင်တဲ့အချစ်ဆိုတာ ပိုးသားလေးလိုပါပဲ။ ဖြူစင်တယ် နူးညံ့တယ် သာယာပျော်ရွှင်မှုကိုဖြစ်ပေါ်စေတတ်တယ် ဆည်းလည်း သံစဉ် လေး လို ချိုရှ အေးမြတယ်။ ဖြူစင်တဲ့အချစ်မှာ ဆိုးကျိုးတွေမရှိဘူး။ တန်ပြန်မှုတွေ လိုအပ်မနေဘူး။ မျှော်လင့် ချက်ရောင်ခြည်တွေ ဖြာထွက်မနေဘူး။ အဆုံးစွန်ပေးဆပ်နိုင်စွမ်းကိုလည်းစွမ်းတယ်။ ၀မ်းနည်းခြင်း၊ ပူဆွေးခြင်း၊ လွမ်းဆွတ်ခြင်းတွေ ရှိမနေသလို ဆုံးရှုံးခြင်းတွေကလည်း ကင်းဝေးတယ်။ ဖြူဖြူစင်စင်နဲ့ ချစ်နေမယ့် အချစ်တွေဟာ ပေးဆပ်ခြင်းသက်သက်နဲ့ ကိုယ်ချစ်ရတဲ့သူ အတွက်ပျော်ရွှင်ခြင်းသာ အဓိကဖြစ်ပြီး တန်ပြန်တုန့်ပြန်မှုကို မျှော်လင့် မထားတဲ့ အတွက် ပြန်လည်ရရှိခြင်းနဲ့မျှော်မှန်းတာတွေ မဖြစ်ရ လေခြင်းဆိုတဲ့ ဆိုးကျိုးတွေဖြစ်မလာနိုင်ပါဘူး။

အရောင်တွေပါတဲ့ အချစ်တွေကတော့ မျှော်လင့်ချက်တွေ၊ရည်မှန်းချက်တွေ၊ပိုင်ဆိုင်လိုမှုတွေပါတဲ့ ပူလောင်တဲ့အချစ်ဆိုပါတော့။ သွေးသားမတော်စပ်တဲ့သူ တစ်ဦးနဲ့တစ်ဦး ချစ်နိုင်ဖို့ဆိုတာ မလွယ်ကူတဲ့အရာတစ်ခုဖြစ်ပေမယ့် ပုထုဇဉ်လူသားတွေ စွဲလမ်းတမ်းတ ရူးသွပ်နေကြခြင်းရဲ့နောက်ကွယ်မှာ အချစ်ရဲ့စွမ်းအင်တွေ စီးဝင်နေခြင်းဟာ ထင်ရှားလှတဲ့ အချစ်ရဲ့ပါဝါတွေပဲပေါ့။

လူတစ်ယောက်ကိုချစ်မိဖို့ဆိုတာ အထင်ကြီးမိမှုတွေစီးမျောနေခြင်းကြောင့်ဖြစ်နိုင်သလို ဆွဲဆောင်မှုတို့ရဲ့ခြေရာတွေကြောင့် လည်းဖြစ်နိုင်ပါတယ်။ သနားခြင်းဆိုတဲ့မြစ်ဖျားစီးဆင်းရာက စတင်နိုင်သလို နီးစပ်မှုတို့ရဲ့နှောင်ကြိုးတွေကြောင့်လည်း ပါနိုင်တာပေါ့

သူတစ်ယောက်ကို စတင်ချစ်လိုက်မိပြီဆိုတာနဲ့ မိမိကိုယ်ကို စတင်ဆုံးရှုံးလိုက်ရပါပြီ။ ချစ်သူနှုတ်ဖျားက ထွက်ကျလာတဲ့စကားတိုင်း ဟာ အမိန့်သံတစ်သံလေလား မြေ၀ယ်မကျနားထောင်မိရက်သားလည်း ဖြစ်သွားတတ်တယ်။ ချစ်သူငြိုငြင်ရင် မိုးပြိုမှာစိုးသလိုမျိုး
အကြောက်ကြီးကြောက်လို့ပေါ့။ ကိုယ့်ချစ်သူ ဘယ်လောက်ကြီးပဲဆိုးတယ်လို့ ပတ်ဝန်းကျင်က ပြောကြပါစေ မနာလိုသွေးထိုးစ ကားတွေလို့ တွေးထင်ရလောက်တဲ့ အထိ ချစ်သူဘက်က မားမားမတ်မတ်ရပ်တည်နေကြတဲ့ အချစ်သူရဲကောင်းကြီးတွေ ဖြစ်သွား တတ်ကြသေးတယ်။ ကိုယ့်ချစ်သူကို လေတိုးရင်တောင်နာကျင်မှာစိုးလို့ ရင်ထဲမှာ မချိအောင် နာတတ်တဲ့သူတွေလည်းရှိမယ်ပေါ့။

အချစ်စိတ်တက်လာပြီဆိုရင်တော့ သူငယ်ချင်းကိုမေ့၊ ဘ၀ကိုမေ့၊ အမျိုးကိုမေ့တတ်ကြတယ်။ ချစ်သူရဲ့ကြင်နာယုယမှုကို အဟုတ်ကြီး
ထင် စိတ်ကြီးဝင်လို့ သူနဲ့သာဆိုရင်....ဆိုတဲ့ စိတ်ရိုင်းတွေလည်းဝင်တတ်သေးတာပေါ့။ ချစ်သူသည်သာ ကိုးကွယ်ရာ၊ ချစ်သူ စကားမိုးကြိုးသွားလိုပေါ့။ ပါးစပ်လေးပဲ ဟ လိုက် အားလုံးဖြစ်ပြီးသားဆိုတဲ့ ပါရမီဖြည့်ဖက်တွေကလည်း ရှိသေးတာကိုး။ အချစ်ကို
တကမ္ဘာထင်၊ အချစ်ကိုပဲကိုးစားလို့ အချစ်သည်သာ အမိ၊အချစ်သည်သာ အဖပေါ့။ အချစ်ရှိရင် အားလုံးပြီးတဲ့ အချစ်ထောင်ထဲက ချစ်သူတွေလည်းရှိတယ်။ အချစ်ရဲ့လှည့်စားမှုအောက် ပြားပြားမမှောက်သရွေ့ပေါ့။

“ချစ်သူ“ဆိုတဲ့အရာကိုထပ်ခွဲရရင် ယောင်္ကျားသားတို့ရဲ့အချစ်နဲ့ မိန်းမသားတို့ရဲ့အချစ်ဆိုပြီး ၂မျိုး ကွဲထွက်လာသေးတယ်။

ယောင်္ကျားသားတို့ရဲ့အချစ်မျိုးကျတော့ နှုးညံ့တယ်၊ ကြင်နာတယ်၊ဂရုစိုက်တတ်ကြတယ်။ ကိုယ့်ချစ်သူရဲ့ ကြင်နာယုယမှုတွေကို တမ်းတမက်မောသလို ငြင်သာတဲ့နွေးထွေးမှုလေးတွေမှာလည်း သာယာတတ်ကြသေးတာပေါ့။ ချွဲ့နွဲ့တဲ့စကားသံလေးတွေမှာ မိန်း မောတတ်ကြသလို အားကိုးတဲ့အကြည့်လေးတွေကိုလည်းဂုဏ်ယူတတ်ကြသေးတယ်။

မိန်းမသားတို့ရဲ့အချစ်မျိုးကျတော့ မိခင်စိတ်နဲ့နီးစပ်သူတွေဖြစ်နေလေတော့ ကြင်နာတတ်တယ်၊ သနားတတ်တယ်၊ ချစ်သူကို အရိပ်တကြည့်ကြည့်နေတတ်သလို၊ လိုအပ်ရာတွေကိုလည်းဆောင်ကြည်းနိုင်သူဖြစ်ချင်ကြသေးတယ်။ အစွမ်းကုန်ပေးဆပ်မှုတွေနဲ့ ပါရမီဖြည့်ဖက်လည်း ဖြစ်ချင်လိုက်သေးတာ။ ချစ်သူရဲ့အပြောချိုချိုအောက်မှာ အရှုံးကြီးရှူံးလို့ ဘ၀င်တွေတောင်မြင့်ချင်မြင့်နေတတ် တာလေ။ “ချစ်လိုက်တာ သဲရယ်“ဆိုတဲ့ စကားတွေအောက်မှာအရည်ပျော်လို့ ရဲရဲကြီးလည်း အလိမ်ညာခံဝင့်သူတွေပေါ့။ ထားသွား
ခဲ့ရင်တောင် ကျန်နေရဲတဲ့အထိ မျက်ကန်းချစ်သူတွေ ဖြစ်တတ်တယ်။ ကိုယ့်ချစ်သူက ရှုပ်ပါတယ်ဆိုတာ သိရင်တောင် မျက်စိမှိတ် လို့ မသိချင်ယောင်ဆောင်နေတတ်တဲ့အထိ ချစ်တတ်သူတွေကတော့ အချစ်ရဲ့သားကောင်တွေပေါ့။

ထိုချစ်သူ၂ဦးတို့ပေါင်းစပ်လိုက်တဲ့အခါမှာတော့ ချစ်ရည်ရွှမ်းတဲ့ ချစ်သူ၂ဦးတို့ရဲ့ အပျော်ရွှင်ဆုံးအချိန်တွေနဲ့ တန်ဖိုးအရှိဆုံး အရာ တွေကို ပိုင်ဆိုင်ရလိုက်သလိုမျိုး အပေးအယူတွေမျှလို့ လိုတိုင်းတ ရနေကြသလို အောင်နိုင်သူတွေ အပြုံးမျိုးကို ရင်မှာ ပိုက်လို့ ရဲရဲကြီးလည်း မိုက်ရဲကြပါတယ်။ သူကကြင်တော့ ကိုယ်ကကြင်၊ သူကယုတော့ ကိုယ်ကနုလို့၊ သူကပြုံးရင် ကိုယ်မှာ နှလုံးသွေးတွေတောင်ခုန်လို့ အသက်ရှုသံတွေတောင် ရပ်ကုန်တော့မယ့်အလားပေါ့။ ချစ်သူဘေးနားမှာ ရှိတဲ့ခဏတာအချိန်လေး တိုင်းဟာ တန်ဖိုးဖြစ်လို့မရတဲ့ စည်းစိမ်တွေလိုမျိုးပေါ့။ ချစ်စကားတွေ ဖောင်ဖွဲ့လို့ အချစ်လှေလေးနဲ့စီးမျောရင်း အချစ်ပင်လယ် ကြီးထဲလှော်ခတ်လိုက်ကြတာ ချစ်မုန်တိုင်းတွေ မမိခင်အချိန်အထိဆိုပါတော့။
......................................................................

“အချစ်၏နောက်ကွယ်“

အချစ်ပင်လယ်ထဲမှာ ပျော်မြူးလာလိုက်တာ မုန်တိုင်းတစ်စရဲ့ အရိပ်အယောင်တွေကိုတွေ့တော့မှပဲ နယ်ကျွံလာမှန်းသိလိုက်ရ တော့တဲ့ တခဏမှာတော့ချစ်သူ၂ဦးကို ကွဲစေမယ့် လေနီကြမ်းတွေ စတင်တိုက်ခတ်လာတယ်။ မဝေးချင်ပဲဝေးရတော့မယ့် ချစ်သူ၂ဦး
ရဲ့ အနာဂတ်မှာ ဘာတွေဖြစ်လာနိုင်မလဲဆိုတာကျတော့ ကိုယ့်ချစ်သူအပေါ်ထားတဲ့ စစ်မှန်တဲ့အချစ်စစ်ရယ်၊ အချစ်ရဲ့ ဂုဏ်သိက္ခာ ကိုတန်ဖိုးထားနိုင်စွမ်းတဲ့အားတွေရယ်၊ ခိုင်မာတဲ့သစ္စာတရားတွေကြောင့်သာ ချစ်သူ၂ဦးပြန်လည်ဆုံတွေ့နိုင်မှာပါ။

မိသားစုအခြေအနေကြောင့်၊ ကိုယ့်ဘ၀ရဲ့တိုးတက်မှုကြောင့်နဲ့ အခြေအနေအကြောင်းကြောင်းတို့ကြောင့် မခွဲချင်ပဲ ခွဲလိုက်ရ တဲ့ချစ်သူတွေ ကမ္ဘာမှာရေတွက်လို့ရမယ်မထင်မိဘူး။ ချစ်သူတွေကိုကွဲကွာစေတဲ့ အကြောင်းတွေကိုဘေးချိတ်လို့ တနယ်စီဝေးနေတဲ့
ချစ်သူတွေ ဘာတွေဖြစ်လာနိုင်မလဲ ဆိုတာကို မြင်ယောင်ကြည့်လိုက်တော့.........

ယေဘုယျအားဖြင့်ကြည့်ရင်တော့ တစ်ဦးနဲ့တစ်ဦး လွမ်းဆွေးတမ်းတလို့ အိပ်မရညတွေလည်း ရှိချင်ရှိမယ်။ ချစ်သူမရှိတော့တဲ့
အနာဂတ်နေ့ရက်တိုင်းဟာ ကန္တာရလိုခြောက်ကပ်လို့ ရေငတ်ချင်လည်းငတ်နေမယ်။ ဖော်မပါ တကိုယ်တည်းလျှောက်လှမ်းနေရတဲ့ ပစ္စုပ္ပန်ရဲ့ ပြင်းခြောက်ခြောက်နေ့ရက်တွေကြောင့် အဖော်တစ်ယောက်လောက် ကောက်ချင်လည်းကောက်သွားနိုင်တယ်။ သူမှသူ ဆိုသူတွေလည်း ရှိမယ်။ ငါမသေသရွေ့ငါ့သစ္စာတရား ငါ့အနားမှာပဲနေစေရမယ်ဆိုတဲ့ သစ္စာမောင်မယ်တွေလည်းရှိချင်ရှိမယ်။ အနေ ဝေးလို့ သွေးအေးသွားတာတွေကလည်း ရှိလာနိုင်သေးတယ်။

ဖြစ်နိုင်ခြေတွေကိုကျော်ဖြတ်လို့ အောင်ပန်းဆွတ်နိုင်သူတွေကတော့ ကိုယ့်သစ္စာတရားကိုတန်ဖိုးထားသူတွေနဲ့ အပျော်မရှာ လိုသူတွေပေါ့။ အချစ်စစ်ကိုတန်ဖိုးထားလို့ ချစ်စကားတွေ တည်နိုင်သူတွေလေ။ သူတို့တွေကတော့ အချစ်သူရဲကောင်းပီသပါပေ
တယ်။
..........................................

“အချစ်နှင့်သူ၏ဂုဏ်သိက္ခာ“

ချစ်တတ်ပါတယ်ဆိုတဲ့ ချစ်သူတွေမှာ အချစ်အမျိုးအစားတွေ အများအပြားစီးဝင်နေပါသေးတယ်။ တစ်ချို့က အပျော်ချစ်၊ တစ်
ချို့က အတည်ချစ်နဲ့ တစ်ချို့က မျက်ကန်းချစ်ဆိုပြီး အဓိက သုံးမျိုးကိုပဲတွေးကြည့်ချင်မိတယ်။(အချစ်မှာခွဲရင်ခွဲနိုင်သလောက် အဖွဲ့
ခွဲတွေရှိပါတယ်)

နံပါတ် ၁.....အပျော်ချစ်။.....။ အပျော်ချစ်တဲ့ ချစ်သူတွေကတော့ ချစ်တတ်ကြတဲ့ သူတွေဆိုပါတော့။ မိမိရဲ့သာယာမှုကြောင့်
ပဲဖြစ်ဖြစ်၊ ပျင်းရိဖွယ်အချိန်တွေမှာ ကုစားဖို့ပဲဖြစ်ဖြစ်၊ တစ်စုံတစ်ယောက်ရဲ့ယုယမှုကိုတပ်မက်မောလို့ပဲဖြစ်ဖြစ် ချစ်သူတစ်ယောက် အနားမှာ ရောက်နေသူတွေပေါ့။ သူတို့တွေဟာ ချစ်တတ်တဲ့နှလုံးသားပိုင်ရှင်တွေလို့ပြောလို့ရပါတယ်။လူတစ်ယောက်ကိုချစ်လို့ရဖို့ ဆိုတာ အလွန်ခက်ခဲတဲ့ အလုပ်တစ်ခုလို့ပြောရင် မှားမယ်မထင်မိဘူး။ သူငယ်ချင်းတစ်ယောက်အဖြစ်လက်ခံလိုက်ဖို့ လွယ်ကူလှပေ
မယ့် သူငယ်ချင်းထက်ကျော်လွန်တဲ့ ရင်းနှီးမှုအတိုင်းအတာမှာ ရှိကြမယ့် အပျော်ချစ်သူဖြစ်ဖို့ဆိုတာ ချစ်နိုင်တဲ့စိတ်နှလုံးရယ် သံယောဇဉ်လေးတွေလည်း ပါဦးမှကိုး။


အပျော်ချစ်တဲ့ချစ်သူတွေမှာ အနာဂတ်တွေမရှိဘူး၊ ပိုင်ဆိုင်လိုမှုတွေမပါဘူး၊ ချည်နှောင်မှုတွေနဲ့လည်း ကင်းဝေးတယ်။ တစ်ယောက်ကိုတစ်ယောက်ပျော်အောင်ထားနိုင်သရွေ့ သူတို့၂ယောက်ဟာ အဆင်ပြေကြတယ်။ ကိုယ်လက်ရှိတွဲနေတဲ့ချစ်သူကို ပျော်အောင်ထားနိုင်တယ်ဆိုရင် အပျော်ချစ်တို့ရဲ့ဘ၀ဟာ ငြိမ်းချမ်းတယ်။ နားလည်မှုနဲ့တွဲနေကြတယ် ဆိုပါတော့။ တိုးတက်နေတဲ့ ယနေ့လိုခေတ်ကြီးမှာ အသက်ရှင်နေကြတဲ့ ခေတ်ကာလသားသမီးတွေကတော့ ခေတ်နဲ့အညီ ရင်ဘောင်တန်းလို့ ဆိုရှယ်လ် ကျကျ လည်းနေတတ်ကြသေးတယ်။



ဘုရားသွားကျောင်းတက် မလုပ်နိုင်ကြပေမယ့် ကလပ်သွားအရက်သောက်တော့ လုပ်နိုင်ကြတဲ့ခေတ်မီသူတွေကတော့ ကလပ်ကအပြန် အပျော်ကြံကြသေးတယ်။ ပေးတဲ့သူတဲ့ လက်ခံတဲ့သူ အပေးအယူကြည်ဖြူရင် ပွဲပြီးနေကြတဲ့အထိ မြန်မာတွေ ဆို ရှယ်လ် ကျနေကြပါပြီ။ မူးလို့ကျူးလွန်တာ မဟုတ်သလို နောက်တစ်နေ့ပြန်တွေ့ကျလို့လည်း မျက်နှာမပူ အပြုံးမပျက် ပါပဲ။

အခုပြောတဲ့အချစ်တွေဟာ တိုင်းတပါးသားတွေမပါတဲ့ ကိုယ့်လူမျိုးအတွင်းက အရှုပ်ထုတ်သီးသန့်လေးပါ။

နံပါတ်၂...အတည်ချစ်။.....။ တည်တည်တဲ့တဲ့ ချစ်သူတွေကတော့ တစ်သက်သာအတွက် ရည်ရွယ်ထားသူတွေနဲ့ အနာဂတ် ဘ၀ခရီးကို ရိုးမြေကျ လျှောက်လှမ်းကြမယ့် ဘ၀ခရီးဖော်အဖြစ် လက်တွဲသွားမယ့် သူတွေပါ။ သူတို့ရဲ့ အချစ်ဟာ စစ်တယ်။ သံသယတွေ မရှိဘူး၊ အနိုင်ယူလိုမှုတွေ မရှိဘူး၊ တစ်ယောက်ရဲ့အားနည်းချက်တွေကို တစ်ယောက်က စောင့်ကြည့်နေမှာမဟုတ်
သလို နောက်ထက်လှမ်းမယ့် အရန်ခြေလှမ်းတွေလည်း သူတို့မှာ ရှိမနေကြဘူး။ တစ်ဦးနဲ့တစ်ဦးဖေးမလို့ သေအတူ ရှင်မကွာ တွေလို့ တင်စားထိုက်သူတွေပေါ့။


ကိုယ့်ချစ်သူသာလျှင်ကိုယ့်ဘ၀ ဖြစ်သလို အခွင့်အရေးပေးတိုင်းလည်း အိတ်ထဲကောက်ထည့်မယ့် သူတွေမဟုတ်ကြပါဘူး။

ကိုယ့်ချစ်သူကို သစ္စာဖောက်ဖို့ဝေးလို့ အထင်လွဲမှာကိုတောင် သေမတတ်ကြောက်တတ်ကြတဲ့သူတွေပေါ့။ ကိုယ့်ချစ်သူမရှိတုန်း ဘေးကတစ်ယောက်နဲ့ အပျော်နေဖို့ဆိုတာတော့ ဝေးလို့ပေါ့။ သူတို့ရဲ့ အချစ်ဟာ မြင့်မြတ်တဲ့အချစ်တွေနဲ့တည်ဆောက်ထားတယ်

နံပါတ်၃...မျက်ကန်းချစ်။....။ မျက်စေ့နှစ်ကွင်း အလင်းမရသူတွေဟာ စမ်းတ၀ါးဝါး နေသလို၊ လမ်းလျှောက်ရင်လည်း ဟိုတိုးဒီတိုက်နဲ့ ကြည့်ရတာ မျက်စိပသာဓ ကြည်မြမှုမရှိပါဘူး။ မျက်ကန်းနဲ့တူတဲ့အချစ်တွေကလည်း ရေရာမှုမရှိသလို စဉ်းစား တွေးခေါ်နိုင်စွမ်းလည်း ပျောက် ဆုံးနေတတ်တဲ့ သူတွေပေါ့။ သူတို့တွေဟာ အချစ်တစ်ခုတည်းကိုပဲ ကိုးကွယ်တတ်ကြလို့ ကျန်တာတွေကို လစ်လျူရှုတတ်ကြတယ်။ ပျိုသည် အိုသည် အလေးမထား ဈေးကစားတဲ့သူတွေလို အိမ်ထောင်သည်ရယ် မှုမအား သွေးသားသည်သာ အရေးများဆိုသလို လည်း ကန်းတတ်ကြတယ်။ ချစ်မိလို့ကျန်တာတွေကို ပဓာနမထားနိုင်ကြတော့တဲ့ မျက်ကန်းချစ်သူတွေ ဆိုပါတော့။


ဒီအချစ်ဟာ သီးစုံဟင်းတစ်အိုးလို အသီးစုံရောနေတတ်တယ်။ အိမ်ထောင်သည်တွေ၊ လူလွတ်တွေနဲ့တိုင်းတပါးသား တို့ရဲ့ သုံးပင်လိမ် အချစ်ကွန်ယက်မျိုးလိုပေါ့။ အဲဒီအချစ်မှာ ချိုတယ် ခါးတယ်ဆိုတာတွေ မရှိဘူး။ ဖြစ်နိုင်၏ မဖြစ်နိုင်၏တွေ မသိ ဘူး ။ ကျန်ခဲ့တဲ့ မိသားစုဆိုတာတွေ သတိရမနေဘူး။ နောင်ခါလာ နောင်ခါဈေးဆိုသလို လက်ရှိအခြေအနေကိုပဲ ကြိတ်မှိတ်လို့ တိတ်တိတ်လေး ကျေနပ်ကြတယ်။



ဒါ့ထက် ကန်းပြီဆိုရင်တော့ အိမ်ထောင်သည်တွေကို ယူနိုင်လောက်တဲ့အထိ၊ တိုင်းတပါးသားတွေကို လက်တွဲဖို့အထိတွေ ဖြစ်လာ တတ်တယ်။ အိမ်ထောင်သည်တွေဘက်ကလည်း အိမ်သူကိုလည်းမပစ်ရက် လက်ရှိကိုလည်းမခွာရက်နိုင်ပဲ ဆုတ်လည်းစူး စားလည်းရူး အနေအထားတွေထိ ရောက်တတ်ကြတယ်။ တိုင်းတပါးသားကိုလက်ထပ်ဖြစ်လိုက်တဲ့သူတွေကတော့ အရာအားလုံး ဆုံးရှုံးလိုက်ရသလိုပါပဲ။ အားလုံးဟာ ရေစုံမျောကြတော့တာပါပဲ။ ဆိုးသည်ကောင်းသည် အားလုံးသွားပြီပေါ့။

မည်သူတစ်ဦးတစ်ယောက်ရဲ့ အပစ်လို့ မဆိုထိုက်ပေမယ့် အချစ်ကိုပဲဦးထိတ်မှာ ပန်ဆင်လိုသူတွေဖြစ်တတ်ကြပါတယ်။
အချစ်တစ်ခုတည်းရဲ့ စေစားမှုကြောင့်ပဲ အခြေအနေတွေ ပေးသွားတဲ့အထိလည်း ဖြစ်နိုင်တာပေါ့။

...................

ပုထုဇဉ်လူသားတွေ ဖြစ်နေကြတော့ ဆန့်ကျင်ဘက်တွေကို ချစ်တတ်ကြတာ သဘာဝတရားတစ်ခုပါပဲ။ ချစ်တတ်ခြင်းဟာ သဘာဝတရားရဲ့လှပမှု တစ်ခုလို့ဆိုနိုင်ပေမယ့် အချစ်ရဲ့ဂုဏ်သိက္ခာကို မြင့်တင့်ပေးဖို့ကျတော့ ချစ်သူတွေနဲ့သက်ဆိုင်နေပါတယ်။
ချစ်ခြင်းတရားရဲ့ ဂုဏ်သိက္ခာဟာ လူတစ်ဦးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာနဲ့လည်းတည်မီနေပါသေးတယ်။ ချစ်ကြတယ်ဆိုတာ ချစ်သူ နှစ်ဦးရဲ့ ဂုဏ်သိက္ခာကို စတေးလိုက်ရသလိုပါပဲ။ တစ်စုံတစ်ယောက် ခြေလှမ်းမှားလိုက်တာနဲ့ သစ္စာဖောက်လိုက်ပြီဆိုတာနဲ့ တပြိုင်
နက် သူ့အချစ်ဟာ သိက္ခာမရှိနိုင်တော့သလို သူကိုယ်တိုင်ကလည်း သိက္ခာမရှိနိုင်တော့ပါဘူး။

သစ္စာဖောက်ခြင်းကို တစ်ကြိမ်ထက်မက ခံရဖူးသူပဲဖြစ်ဖြစ်၊ ကိုယ့်သူငယ်ချင်းအပေါင်းအဖော် နဲ့ နီးစပ်ရာတို့ရဲ့ အတွေ့အကြုံ တွေကြောင့်ပဲဖြစ်ဖြစ် အလားတူအဖြစ်အပျက်တွေကြောင့် အချစ်ကိုအထင်သေးသွားသူတွေရှိသလို နင်တို့ယောင်္ကျား
တွေ...နင်တို့မိန်းမတွေ ...ဆိုသလို စုပုံအထင်သေးခြင်းတို့ပါ ဖြစ်တတ်ပါသေးတယ်။ ကိုယ်ကျင်လည်နေရတဲ့ ပတ်ဝန်းကျင် ပေါ်မူတည်လို့ အချစ်နဲ့ သူ့ရဲ့ဂုဏ်သိက္ခာအရရော အချစ်ကိုဖန်တီးကြတဲ့ လူသားတွေအတွက်ရော ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုတ်သလိုတွေ ဖြစ်တတ်ပါတယ်။

နေ့စဉ် ကျင်လည်ဖြတ်သန်းနေကြတဲ့ လူ့လောကကြီးမှာ သစ္စာတရားနဲ့ ဂုဏ်သိက္ခာကို အလေးထားကြသူတွေ ရှိသလို ပျော်ပျော်နေ ပျော်ပျော်စားသူတွေလည်း ဒုနဲ့ဒေးရှိနေပါတယ်။

ယောင်္ကျားလေးတွေက မိန်းကလေးတွေအပေါ်ထားတဲ့ မယုံကြည်မှု၊ မိန်းကလေးတွေက ယောင်္ကျားလေးတွေအပေါ်ထားတဲ့ သံသယတွေဟာ လက်ရှိချစ်သူတွေရဲ့ လုပ်ဆောင်မှုအကျိုးရလဒ်တွေ ဖြစ်နိုင်ပါတယ်။ အရာရာလွယ်ကူနေတဲ့ လောကကြီးမှာ အချစ်ဟာလည်း ခက်ခဲတဲ့အရာတစ်ခု မဟုတ်တော့ပါဘူး။ “လွယ်ပါတယ်ကွာ“လို့ လှောင်ရယ်ပြောဆိုသံတွေနဲ့ “ငါ့မာယာကို ခံနိုင်ရိုး လား“ဆိုတဲ့ အထင်သေးစကားသံတွေဟာ ချစ်သူတွေမွှေးခဲ့ကြတဲ့မီးတွေလို သိက္ခာတရားတွေလောင်ကျွမ်းကုန်တာ ဖြစ်သလို တစ်ယောက်ရဲ့ အချစ်နဲ့ သူ့ရဲ့ဂုဏ်သိက္ခာကိုပါ အထင်သေးပြီးသားဖြစ်သွားတတ်လို့ပါ။

အရာရာကို ပေါ့ပေါ့လေးတွေး လို့ ပါးပါးလေး လှုပ်ရှားနေကြတဲ့ လူငယ်လေးတွေရဲ့ စိတ်ထဲမှာအချစ်ကို အထင်ကြီးပြီး ကိုယ်ချစ်နိုင်မယ့်လူကိုလေးစားဖို့ဆိုတာ အချစ်နဲ့သူ့ရဲ့ဂုဏ်သိက္ခာဟာ အများကြီးဆက်စပ်နေတယ်လို့ တွေးမိပါတယ်။

ဒင်နာတစ်ပွဲလောက်ကျွေးလိုက်ရင် ကိစ္စပြီးပါတယ်ကွာ ဆိုတဲ့ ယောင်္ကျားသားတွေရဲ့အထင်သေးမှုတွေက လွတ်မြောက်ပြီး
ယောင်္ကျားတွေကို ပိုင်ပါတယ် ဆိုတဲ့ မာယာရှင် အမျိုးသမီးတို့ရဲ့ ကျော့ကွင်းကလွတ်ကင်းလို့ မလေးစားခြင်းတွေနဲ့ဝေးရာမှာ အချစ်ရဲ့ဂုဏ်သိက္ခာပိုင်ရှင်တွေ ဖြစ်နိုင်ကြပါစေလို့ အားလုံးကိုမေတ္တာစကား ပါးလိုက်ပါရစေ။

...................................................

မှတ်ချက်။ ။ မည်သူတစ်ဦးတစ်ယောက်ကိုမျှ မရည်ရွယ်သလို တိုက်ဆိုင်မှုတွေ ရှိတိုင်းလည်း ခွင့်လွှတ်နိုင်ကြပါစေလို့


ို

ရွှေစက်တော်.........

ခရစ်တော် မပေါ်မီ (၆၀၀)ခုနှစ်တွင် မြတ်စွာဘုရားခြေတော်ရာ နှစ်ဆူ ကိန်းဝပ်စံပယ်ခဲ့၍ အထက်စက်တော်ရာ၊ အောက်စက် တော်ရာ ဟူ၍ ထင်ရှားသည်။ ရွှေစက်တော်ဘေးမဲ့တောကို ၁၉၄၀ပြည့်နှစ်ဇွန်လ (၂၉)ရက်တွင် စတင်တည်ထောင်ခဲ့သည်။ မင်းဘူး (စကု)မြို့နယ်၊ ငဖဲမြို့နယ်နှင့် စေတုတ္တရာမြို့နယ်များပါဝင် တည်ရှိသည်။ ၃၁၄ စတုရန်းမိုင် ကျယ်ဝန်းသော ရွှေစက်တော် ဘေးမဲ့တောတွင် မြန်မာ့ရွှေသမင်ကို အဓိကထိန်းသိမ်းထားကြောင်း သိရသည်။ ငှက်အမျိုးပေါင်း (၁၁၃)မျိုးလည်း အခြား တိရစ္ဆာန်များနှင့် အတူကျက်စားနေထိုင်သည်။

မင်းဘူးမြို့နှင့် ၃၂ မိုင်ဝေးသော မန်းရွှေစက်တော် ဘုရားသည် မကွေးတိုင်း ၊ မင်းဘူးမြို့နယ်တွင်တည်ရှိပါသည် ။ ၁၀၈ ကွက် စက် လက္ခဏာနှင့် ပြည့်စုံသော မြတ်ဗုဒ္ဓ၏ ခြေရာတော် အစစ်ဖြစ်သောကြောင့် စက်တော်ရာ ဘုရားဟုခေါ်တွင်ပြီး မန်းချောင်း အနီး တွင် တည်ရှိသောကြောင့် မန်းစက်တော်ရာ ဘုရားဟု ခေါ်တွင်သည် ။ တနည်းအားဖြင့် မန်းရွှေစက်တော်ရာ ဘုရားဟု ခေါ်ကြသည် ။ မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ကို နှစ်စဉ်နှစ်တိုင်း တပိုတွဲလဆန်း (၅)နေ့တွင် စတင်ဖွင်လှစ်ပြီး မြန်မာ နှစ်ဆန်း(၁) ရက်နေ့ထိကျင်းပပါသည်။

မန်းစက်တော်ရာ ခြေတော်ရာများသည် ဘုရားရှင်ကိုယ်တော်တိုင်ချထားသော ခြေတော်ရာများ ဖြစ်သဖြင့်ဖူးမျှော်ကြည်ညိုသူများနှင့် အထူးစည်ကားသကဲ့သို့ ပျော်ရွှင်စရာ ကောင်းသော အညာဒေသ၏ မန်းချောင်းတွင်ရေချိုးနိုင်သောကြောင့် မန်းစက်တော်ရာ ဘုရားလည်း ဖူးရင်း ၊ ရွှေစက်တော်ဘေးမဲ့တော တွင်လည်း မိသားစုများ သဘာဝတော အရသာကို ပျော်ရွှင်စွာ ခံစားနိုင်သော ကြောင့် မြန်မာပြည် အနှံ့မှ ဘုရားဖူးများနှင့် အထူးစည်းကားလျှက်ရှိပါသည် ။

.........................................

နေခြည်ဖြာသော နွေဦး နံက်ခင်း တစ်ခုတွင် ဘုရားဖူးတစ်သိုက် မန်းစက်တော်ရာ ဘုရားသို့ ကောင်းပေ့ဆိုသော ကားများကို စီး နင်းကာ သစ်ပေ့ဆိုသော အကောင်းစား အ၀တ်တန်ဆာများ ၊ မိန်းမပျို ၊ အို ..တို့ကိုယ်တွင်လည်း ၀င်းဝင်းထိန်သော ရွှေ ဆွဲကြိုး ၊ရွှေလက်ကောက်များ ဆင်မြန်းထားလျှက် ရောက်ရှိလာကြသည် ။ ထိုသူတို့သည် ရန်ကုန်မြို့မှ လူချမ်းသာ အသိုင်းအ ၀ိုင်းမှ ဟုတ်ဟန်တူသည် ။

အသားဖြူဖြူ အရပ်ပုပုနှင့် ၀င်းထိန်နေသောရွှေများ ညွတ်နေအောင် ၀တ်ဆင်ထားသူ အမျိုးသမီးကြီးသည် ဖုန်များကိုတခါခါနှင့် ကားရှေ့ခန်းမှ ပင်ပန်နွမ်းနယ်သော ဟန်ပန်ဖြင့် နွမ်းလျစွာဆင်းချလာသော မရှေးမနှောင်းတခဏမှာပင် အရပ်ရှည် ရှည် အသားခပ်လပ်လပ်နှင့် နေကာမျက်မှန်တပ်ထားသော အမျိုးသားသည်လည်း ထပ်ချပ်မကွာလိုက်ပါလာသည်။ ထိုအမျိုးသမီးကြီး၏ အမျိုးသား ဖြစ်ဟန်တူသည် ။ ကားနောက်ခန်းတွင်မတော့ သူတို့၏ အလုပ်သမားများဟုတ်ဟန်တူသော ခပ်နွမ်းနွမ်း သုံး လေး ယောက် တကွ ခြင်းကြီး ခြင်းငယ် အသွယ်သွယ် အပြင် အ၀တ်အစားများ ပါဝင်ဟန် တူသော အိတ်ကြီး အိတ်ငယ်များ နှင့် စသည် ...စသည် အမည်စုံစွာ......

ထိုသူတို့နှင့် ခပ်လှမ်းလှမ်းတွင်လည်း အကောင်းစားကားတစ်စီး ရပ်နားထားကာ မိသားစုတစ်ခု ဆင်းသက်လိုက်ပါလာသည် ။ ပိုက်ဆံအိတ်ဖောင်းဖောင်းကားကားကို ချိုင်းကြားတွင်ညှပ်ကာ ရှေ့ဆုံးမှဦးဆောင်လာသူသည် ခန့်ခန့်ချောချော အမျိုးသားတစ်ဦး ဖြစ်ကာ ထိုသူ၏နောက်တွင်မတော့ မရယ်မပြုံး ခပ်တင်းတင်းမာနမျက်နှာထားပိုင်ရှင် အမျိုးသမီးကြီးတစ်ဦး နှင့် အတူ ခေတ်လွန် အ၀တ်အစားများနှင့် သားသမီးတစ်စုလည်းပါဝင်သည် ။ ပုဆိုးခပ်တိုတိုဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည်လည်း အုန်းသီး ငှက်ပျော်သီးများပါဝင်သော ကန်တော့ပွဲကို ရွက်ကာ ထိုမိသားစု၏နောက်မှ ထပ်ချပ်မခွာ..............

အရိပ်ကောင်းသော သစ်တစ်ပင်၏ခြေရင်းတွင်ခေတ္တရပ်နားကာ ထိုမိသားစုနှစ်စုသည် တတွတ်တွတ်နှင့်ခေါင်းခြင်းဆိုင်လျှက် ခြေဟန်လက်ဟန် လက်ကောက်သံ တခြွမ်ခြွမ်နှင့် တိုင်ပင်ပြီးသည့် သ ကာလ ကန်တော့ပွဲကို ရှေ့ဆုံးမှရွက်လျှက် အုပ်စုလိုက် တောင်ပေါ်တက်သွားကြလေသည် ။ အဓိကရဲ့ အဓိက အကြောင်းရင်းမှာ မန်းစက်တော်ရာဘုရားကို ဖူးမျှော်ရန်လာရောက်ခြင်း မဟုတ် ၊ သဘာဝတောတောင် ရေ မြေကိုကြည့်ရှုခံစားလိုခြင်းမဟုတ် ၊ မန်းချောင်းရေ ချိုးရန်လည်း စိတ်ဝင်စားကြသူများမဟုတ် ။ ထူးခြားမြင့်မြတ်သော သူတော်စင်ရဟန်းထူးကိုရှာဖွေကာ ပူဇော်ရန် ရည်ရွယ်ရောက် ရှိလာခြင်းသာ အဓိကဖြစ်သည် ။

...............................

သစ်ပင်တောတောင်ရေမြေသည် အေးမြပေစွ ...။ သစ်ပင်ကြီးငယ် စုံအငယ်တို့ထက်တွင် သံသာသော ငှက်အော်မြည်သံလေး များသည်လည်း ကြည်နူးစရာ တေးသံသာလို ချိုမြိန်ဖွယ်ကောင်းလှတယ် ။ ကျောက်ဆောင် ၊ ကျောက်တောင် ၊ ကျောက်ဖျာ တွေက လည်း ဟိုတစ်စ ဒီတစ်စနဲ့ သာယာဖွယ် မြင်ကွင်းဖြစ်လို့ မျက်စိ ပသာဒကြည်မြလှတယ် ။

ဒီလိုသာယာအေးမြလှတဲ့ တောတောင်ရေမြေနေရာတွေမှာ သူတော်စင်ရဟန်းတွေဟာ တစ်ကိုယ်တည်း တရားဓမ္မ ကျင့်ကြံ အားထုတ်ပွားများကာ တရားပေါက်မြောက်နေတဲ့ သူတော်စင်တွေရှိရမယ်ဆိုတဲ့ အတွေးတွေနဲ့ လာရောက်ရှာဖွေ ပူဇော်ခြင်းပဲဖြစ်ပါ တယ် ။

များမကြာမီ အချိန် တခဏမှာပဲ အရိပ်ခပ်ကောင်းကောင်း သစ်ပင်ကြီးရဲ့အောက်မှ ကျောက်ဖျာ အစွန်းတွင် အညိုရောင် ၀တ်ရုံကို ဦးခေါင်းထက်မှ ခြုံလွှမ်းကာ တင်ပလ္လင်ခွေလျှက်အနေအထားရှိသောပုဂ္ဂိုလ်တစ်ပါးအား ရှားပါးစွာတွေ့ရှိလိုက်ချိန်မှာတော့ အားလုံး ၏ မျက်နှာသည် ထိန်ဝင်းလျှက် အပြုံးမျက်နှာကိုယ်စီဆင်မြန်းလို့ ထိုပုဂ္ဂိုလ်ထံသို့ ခြေဖွဖွနင်းကာ ချဉ်းကပ်သွားကြတယ် ။

ပါလာ သော ကန်တော့ပွဲအား ရိုသေစွာ ဦးခိုက်ချထားလျှက် တရားရေအေး အမြိုက်ဆေး တိုက်ကျွေးပါရန် လျှောက်ထား သော်လည်း နှုတ်မှ မမိန့် ခပ်ဆိပ်ဆိပ်သာ နေတော်မူသော်ကြောင့် စိတ်ပျက်အားငယ်သွားကြသော်လည်း ထူးခြားသည့် ရသေ့ပုဂ္ဂိုလ် သူတော် စင် ဖြစ်ခြင်းကြောင့် ဟုသဘောယူဆကာ ၈ပါးသီလကို ကိုယ်တိုင်ယူကြမည်ဟု ဆုံးဖြတ်ကာ ညီညာစွာ ၈ပါးသီလ ခံယူ ဆောက် တည်ကြလေတယ် ။

အဟံ ဘန္တေ တိသရဏေန..............

........................
နမော တဿ ဘဂ၀တော အရဟတော သမ္မာသဗ္မုဒ္ဓဿ...............
.............

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ၊
.......................
...........................

၈ပါးသီလခံယူနေစဉ် တခဏမှာပဲ ထိုသူတော်စင်ထံမှ “ တုတ် “ ဟုသော တိကျပြတ်သား တိုတောင်းသော အမိန့်ကို မိန့်ကြားကာ တဖန်ပြန်လို့ နှုတ်ဆိတ်နေပြန်တယ် ။ ” တုတ် “ဟုသော အသံကို နားနှင့်ဆပ်ဆပ်ကြားသော ထိုသူတို့သည် ရုတ်တရက် နားမလည်နိုင်ဖြစ်ကာ ဆိပ်ဆိပ်မျှငြိမ်သက်ပြီးနောက် တခဏတွင်တော့ ........
အမျိုးသားတစ်ဦးမှ သတိဝင်လာကာ

“ ဟိတ်ကောင်တွေ...ဒူးတွေ တုတ်ထိုင်ကြစမ်း...အမျိုးသမီးတွေရော အမျိုးသားတွေရော...ဒူးတုတ်ထိုင်ကြလေ“
ဟူသော စကားသံကြောင့် အားလုံးဒူးတုတ်ထိုင်ကာ ၈ပါးသီလအား ဆက်လက်ဆောက်တည် ခံယူကြတယ်

*ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဓိယာမိ၊........

............................
......................................

“ တုတ် “



အညိုရောင် ၀တ်ရုံကိုခြုံလွှမ်းထားသော ထိုပုဂ္ဂိုလ်သူတော်စင်ထံမှာ နောက်တစ်ကြိမ် “ တုတ် “ ဟုသော စကားသံကို ထပ်မံ ကြားရပြန်ခြေပြီ ။ ခက်လှစွာတကား..............

နားလည်ရန်ခက်ခဲသော တိုတောင်းသော ထိုမိန့်ကြားချက်ကို အဖြေရှာမရသော်ငြားလည်း......အလိုမကျမှု တစ်စုံတရာကြောင့် သာဖြစ်ရမည် ဟုယုံကြည်လျှက်...........

“ ဟေ့ကောင်တွေ ....ရိုရိုသေသေ ဒူးတုတ်ထိုင်ကြလေ...ဟိုကလေးတွေရော ...အမျိုးသမီးတွေရော...ရိုရိုသေသေ ဒူး တုတ် ထိုင်ကြပါဟ “ ဟု ဆော်သြကာ ၈ပါးသီလကို ဆုံးခန်တိုင်အောင် ဆက်လက် ခံယူတည်ဆောက်ကြတယ်

..............................
........................
................
*ဥစ္စာသယန မဟာသယနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊...
....................

၈ပါးသီလ ခံယူဆောက်တည်ပြီးစီးလို့ သာဓုခေါ်ရန် ပြင်ဆင်ဆဲ တခဏမှာပဲ “တုတ်.......တုတ်.....ဗြုန်း “ ဟု အော် ဟစ်ကာ... အညိုရောင်ပိတ်စကို မနိုင်မနင်း မလျှက် ငုတ်တုတ်အိပ်နေရာမှ လန့်နိုးသွားသော အရူး ကိုသောင်းသည် ခါးကြား မှ ညှပ်ထားသော ယပ်တောင်စုတ်သည် လည်းကောင်း ၊ သစ်ပင်ဘေးတွင် ချထားသော နို့ဆီခွက်စုတ်များကို လည်းကောင်း ၊ ပစ်ချ ကန်ကျောက်ကာ အိပ်မှုန် စုံမွှားဖြင့် ခြေဦးတည့်ရာ တဟီးဟီး တဟားဟား အော်ရယ်လျှက် ပျောက်ကွယ်သွားလေတော့ သတည်း............။

...........................

သူများတကာထက် ထူးချင်ကြသော ရွှေမြို့တော်မှ ဦးဦး ဒေါ်ဒေါ် ကိုကို မမ များသာ ပါးစပ်အဟောင်းသားနှင့် လက်အုပ်ချီလျှက် မင်သက် ကျန်ခဲ့ကြလေတယ်.............။


.............................

မှတ်ချက်။ ။ ရွှေစက်တော်တွင် ဖြစ်ပွားခဲ့သော တကယ့်ဖြစ်ရပ်မှန်တစ်ရပ်ဟုဆိုသည် ။ နယ်လှည့် သာသနာပြု ရဟန်းတစ်ပါးထံမှ တရားပွဲတွင် ထပ်ဆင့်ကြားသိခဲ့ရသော အဖြစ်အပြက်ဖြစ်ပါသည် ။

အချက်အလက် အချို့အား “ နှလုံးသား မှတ်စုတိုများ“ ဘလော့ခ်နှင့် ဂူဂယ်လ်မှ ကူးယူဖော်ပြပါတယ်

အတိတ် မြို့ဟောင်း

မေ့မရတိုင်း .....


တူးဖော်မိတဲ့ အတိတ်ရဲ့မြို့ဟောင်း
မပြောင်းလဲသေးပါဘူး

လှည့်ကြည့်လိုက်တိုင်း မြင်နေရတာက
ဒဏ်ရာရိုင်းရိုင်း အလွမ်းလှိုင်းတွေ....

.......................


အချိန်တွေ ကုန်လွန်သွားခဲ့ပြီ......။ရင်ထဲက နွေဦး အခုထိ ရှုးနေတုန်းပဲမို့ မြောက်ပြန်လေတွေကလည်း မုန်တိုင်းထန်နေတယ်။
မှန်းဆမိတိုင်း လမ်းစတွေက အတိတ်မြို့ဟောင်းဆီကိုပဲ ဦးတည်ချင်နေမိတယ် ။ ကျွန်မရဲ့ စိတ်က သံလိုက်အိမ်မြောင်လို သူရှိရာ မြောက်ဘက်အရပ်ဆီကိုပဲ လမ်းပြလို့ အတိတ်တွေကို ပြန်တူးဆွချင်နေတုန်း.....။


ဆက်လျှောက်လို့မရနိုင်တော့တဲ့ တို့နှစ်ဦးရဲ့ အနာဂတ်လမ်းတွေကြားမှာ အချစ်တွေက ဓါးစားခံလား.....။ ရင်ခုန်သံတွေက ငို ညဉ်းလို့ အလွမ်းတေးချင်းတွေ ဆိုတီး နေလေရဲ့ ။ ဝေးပြီ ဘေဘီ....ပြန်မဆုံနိုင်တော့မယ့် တို့ရဲ့လမ်းမှာ အချစ်တွေကိုပဲ အားနာမိတယ် ။


မင်းနဲ့တို့ နေထိုင်ခဲ့ဖူးတဲ့ မြို့ဟောင်းလေးမှာ ပျော်ရွှင်မှုတွေ ၊ ရင်ခုန်ခြင်းတွေ ၊ ရယ်သံချိုတွေ ၊ မေ့မရမှုတွေ ၊ သာယာမှု တေးသံတွေ ပျံ့လွင့်နေဆဲပါ ။ မဆုံနိုင်တော့မယ့် အကြောင်းတွေကြောင့် ခုတော့လည်း တစစ နဲ့ဝေးလို့ကျန်ခဲ့ပြီ..။ မပြောင်းလဲသေးတဲ့ အဲဒီမြို့ဟောင်းလေးက ပြန်လှည့်ကြည့်လိုက်တိုင်း အလွမ်းတွေနဲ့ ထုံမွှန်းထားလို့.... ဒဏ်ရာရိုင်းတွေနဲ့ ပြည့်နေတဲ့မြို့လေး အဖြစ် တည်ရှိနေရခြင်းအတွက်တော့ ရင်နာမိတယ် ။ ဒါပေမယ့်ပေါ့ .........


ဘ၀ဇတ်ဆရာ အလိုကျ ကခဲ့ရတဲ့ တို့ဘ၀တွေအတွက်
ရင်ခုန်မှုတွေ စတေးလို့ ဆွေးနေအောင် ဝေးရမှာ မှန်ပေမယ့်

အတိတ်ကို ပြန်တွေးလို့ ဆွေးမနေပါနဲ့တော့ ဘေဘီ
“သေပြီ ဆရာ“လို့ ...နဖူးကို လက်နဲ့ရိုက် သက်ပြင်းတစ်ချက် ရှိုက်ရုံပဲပေါ့........

တို့နှစ်ယောက်ချစ်တဲ့ အတိတ်မြို့ဟောင်း ပြန်မတောင်းကြေးနော်
ချစ်ခြင်းတွေ မြိုသိပ်လို့ ဆိတ်ဆိတ်လေးပဲ တိတ်လိုက်ကြရအောင်ပါ

မရှောင်နိုင်လို့ လမ်းမှာတွေ့ရင် အပြုံးတံခါးကိုပိတ်
နှလုံးသားကို အိပ်စေလိုက်တော့နော်....
တို့ ဘ၀တွေ အတွက်ပေါ့

ဆုံစည်းလို့မရနိုင်တဲ့ တို့တွေအတွက်တော့
ဦးချစ်ကောင်း သီချင်းထဲကလို
“ ဘာ အကောင်းဆုံးလဲ “ လို့မေးရင်
ဒါ အကောင်းဆုံးပဲပေါ့ ဘေဘီ ။


..............****............*******....

“ သံယောဇဉ်ကြိုးတစ်စရဲ့ အနုပညာဟာ နက်ရှိုင်းခြင်း ဖြစ်နေခဲ့ပါလျှင်...မိမိ၏စိတ်အား မမေ့မပျောက် စိုးမိုးနိုင်ခြင်း ဆိုတဲ့ အနုပညာကရော ချစ်ခြင်းတစ်ခု မည်ပါရဲ့လား....“


တွေ့ဆုံခြင်းတွေမှာ ရင်းနှီးမှုတွေ ရောပါနေတယ်

ရင်းနှီးမှုတွေရဲ့ နောက်မှာ ခင်မင်မှုအတိုင်းအတာတွေ အပြည့်အသိပ် နေရာယူလို့...

အဲဒါတွေရဲ့နောက်ကတော့ ကြည်နူးမှုတွေ ၊ တွယ်တာခြင်းတွေ......

ရင်ခုန်ခြင်းတွေ မဟုတ်ရပါပဲနဲ့ ပျော်ရွင်မှုတွေ စီးဝင်နေရခြင်းဟာ.....ကာရန်မကိုက်တဲ့ သံစဉ်တစ်ပုဒ်ကို ဆိုငြီးနေရသလိုပါပဲ
စိတ္တဇဆန်လိုက်တာ

သက်ဆိုင်သူမဟုတ်ရပါပဲ မေ့ပျောက်မရနိုင်ခြင်းတွေကရော ချစ်ခြင်း အနုပညာရဲ့ တစိတ်တဒေသများလား..
............................

ပွင့်လင်းရာသီတစ်ခုရဲ့ နွေဦးနံနက်ခင်း တစ်ခုဟာ ကျွန်မဘ၀အတွက် တွယ်တာမှု အနုပညာ တွေကာရံထားတဲ့ မှော်ဝင်ခန်း အစ တွေမှန်း တကယ်ပဲ သတိမထားမိခဲ့ဘူး ။ မူလတန်းနောက်ဆုံးနှစ်ကျောင်းသူဘ၀မှာ တွေ့ဆုံခွင့်ရတဲ့ကြတဲ့ တစ်ဦးတည်းသော အကိုဖြစ်သူရဲ့ ချစ်သူငယ်ချင်းတွေ....

အသားဖြူဖြူ ရုပ်ဖြောင့်ဖြောင့်နဲ့သူကတော့ “ဖြိုးဝေစိုး“ လို့အမည်ရတယ် ။ နာမည်ပြောင်ကတော့ “စိုးသူ“ တဲ့ ။ ၈၀ ရာခိုင်နှုန်းစိုးသူနဲ့ ခပ်ဆင်ဆင်မို့ သူ့ကို “စိုးသူ“လို့ပဲခေါ်ခဲ့ကြတယ် ။

နောက်တစ်ယောက်ကတော့ အရပ်ပုပု အသာညိုညိုနဲ့ ဆန်စက်ပိုင်ရှင်ရဲ့သားဖြစ်သူကတော့ “ထွန်းမြင့်ထွန်း“ဆိုသူပေါ့ ။ သူ့ရဲ့အကျင့်ကတော့ ရေခဲချောင်းတွေ တပုံတပင်ဝယ်ကာ ပန်းကန်လုံး တစ်လုံးထဲထည့်လို့ ဇွန်းကြီးကြီးနဲ့ အားရပါးရ စားတတ်သူ ။

နောက်ဆုံးတစ်ယောက်ကတော့ အရပ်ရှည်ရှည် အသားခပ်လတ်လတ် နဲ့ စကားထစ်တတ်သူ “အောင်နိုင်စိုး“ ဆိုသူပါ ။ နယ်က တဆင့်ကျောင်းတက်ရသူမို့ ကိုကို့နဲ့ပိုလို့အနေနီးသူပေါ့ ။ စကား ပြောရင် ထစ်ထစ် ထစ်ထစ် နဲ့မို့..သူစကားပြောရင် လိုရင်းရောက်ဖို့ အချိန်ယူရတယ် ။ ဒီကြားထဲ ခင်မင်သူတွေရဲ့ အစအနောက် ကိုပါခံရသေးတယ် ။ သူ့ကို စရင်းနောက်ရင်းနဲ့ပဲ နောက်ဆုံးတော့ အားလုံး စကားထစ်ကုန်တဲ့အထိ ဖြစ်အောင်ကို နောက်တတ်ကြတယ် ။

သူတို့တွေကတော့ အကိုဖြစ်သူရဲ့ အချစ်ဆုံးသူငယ်ချင်းတွေပေါ့ ။ အလယ်တန်းကျောင်းသားကြီးတွေ ဆိုပါတော့ ။ ကျွန်မတို့နေ ရပ်ဟာ အထက်တန်းကျောင်းတော်ကြီးရဲ့ ရှေ့တည့်တည့်မှာ ဖြစ်နေလေတော့ အားလုံးရဲ့စုရပ်ဟာ ကျွန်မတို့အိမ်ကလွဲလို့ အခြား မရှိပေါ့ ။

မူလတန်းနောက်ဆုံးနှစ်ကျောင်းသူကြီး ကျွန်မက ပဲမများတတ်သလို အလယ်တန်းကျောင်းသားတွေဖြစ်တဲ့ ကိုကိုနှင့်ချစ်သူငယ်ချင်း များကလည်း ချစ်သူမထားတတ်ကြတော့ အရာရာဟာ ရေတစ်စက်လို သန့်ရှင်းစင်ကြယ်လို့ အပစ်ကင်းကင်း လတစ်စင်းလိုပါပဲ ။
ဖြတ်သန်းလာခဲ့ကြတဲ့ နေ့ရက်တွေက သမရိုးကျ ဆန်သလို ၊ နှောင်ဖွဲ့ခဲ့ကြတဲ့ သံယောဇဉ်တွေကလည်း ချည်နှောင်ရစ်ပတ် ဖြူ စင် သင်းသန့်လို့....။

စနေသားကိုကိုက စိတ်မရှည်တတ်သလို ၊ လုံးထွေးရစ်ပတ်မရှိလှတဲ့ ကျွန်မတို့မောင်နှမရဲ့ ရင်းနှီးမှုက တစိမ်းမဆန်ရုံတမယ်ပါပဲ ။ ကိုကို နဲ့ကျွန်မက ၈နှစ်ကွာတာမို့ဖုတ်လေတဲ့ ငါးပိရှိတယ်တောင် မထင်ခဲ့ပါဘူး ။ စိတ်ကြီးတဲ့ ကိုကို့ကို စာလည်းမမေးရဲခဲ့ပါဘူး။ သချာင်္တွေ အခက်တွေ့တိုင်း ဖြေရှင်းသင်ပြပေးခဲ့တာက စိတ်မရှည်မှုတွေနဲ့ဆိုတော့ ရေငုံနှုတ်ပိတ် ဆိတ်ဆိတ်နေခဲ့ရတယ် ။ ကျွန် မရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးသူက ကိုကို့ရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ “ကိုအောင်နိုင်စိုး“ ပါ။

ကိုကို ကျွန်မကို ဆူတိုင်း ပြန်လည်ရန်ထောင်သူကလည်း “ကိုအောင်နိုင်စိုး“ ပါပဲ ။

“ မင်းကွာ...ကလေးကို မဆူပါနဲ့..နားမလည်ရင် သေချာရှင်းပြပေးမှပေါ့ကွ “ လို့အမြဲအလိုလိုက်ခဲ့သူပါ ။ သူ့မှာ ခင်တွယ်စ ရာ ညီမ မရှိတော့ ကျွန်မကို သူ့ညီမလိုပါပဲ ။ အလိုလိုက်တယ် ၊ခင်တွယ်တယ် ၊ သံယောဇဉ်ပေါ့လေ ။ ဘန်းစကား တွေ ခေတ်စားချိန်မှာ သူ ကျွန်မကို ခေါ်တာက “ စတု ၀တေ “တဲ့ ။

.................................

အချိန်ရာသီတွေ တဖြည်းဖြည်းတိုက်စားလို့ အသက်တွေလည်းကြီးရင့်လာခဲ့ပြီလေ ။ ပြောင်းလဲတတ်တဲ့ လောကကြီးရဲ့အောက်မှာ ကျွန်မတို့အားလုံး ပြောင်းလဲမှုတွေကိုယ်စီနဲ့ အသက်ရှင်လို့ရှေ့ဆက်ရမယ့် ဘ၀ခရီးကို အံတုကြရဦးမှာပေါ့ ။

“လ“ ကို “နှစ် “ ကတိုက်စားလာတော့ တစ်ယောက်တစ်နယ်စီ ရောက်နေကြသည်ပေါ့ ။ စိုးသူ ဆိုသူက ကိုယ်ပိုင်စီးပွားရေး တစ်ခုနဲ့ နေသားတကျ ဖြစ်နေချိန်မှာ ကိုထွန်းမြင့်ထွန်း ဆိုသူက ဖခင်ဖြစ်သူဆန်စက်မှာ ၀င်ကူလို့ ၊ကိုအောင်နိုင်စိုးဆိုသူကတော့ ရန်ကုန်မြိဲု့မှာ တက္ကစီမောင်းကာ အသက်မွေးနေကြသည်..တဲ့ ။

တက္ကသိုလ်ကျောင်းသူကြီး ကျွန်မကလည်း စီးပွားရေးမေဂျာနဲ့လုံးထွေးနေရသည်ပဲလေ။ အိမ်နဲ့ခွဲလို့ ရန်ကုန်မြို့မှာ မယောင်မ လည် ဖြစ်နေချိန်မှာပဲ ကိုအောင်နိုင်စိုးဆိုသူနဲ့ မထင်မှတ်ပဲ ပြန်ဆုံခွင့်ရခဲ့တယ် ။ အဲဒီနေ့က စလို့ ကျွန်မကျူရှင်ယူရာ ဗိုလ်အောင်ကျော်လမ်းက “ကျော် ကြီး“ အတန်းချိန်တိုင်းကို ကြိုပို့လုပ်ပေးခဲ့သေးတယ် ။ အချစ်ဆုံးသူငယ်ချင်းရဲ့ ညီမဖြစ်သူ ၊ စားအိမ် သောက်အိမ် ဖြစ်တဲ့ ကျွန်မတို့အိမ်မှာပဲ ကြီးပြင်းခဲ့တဲ့သူဆိုတော့ ကျွန်မ မိသားစုနဲ့ဝေးကွာနေချိန်မှာ စောက်ရှောက်ပေးခဲ့ သူမို့ ကျွန်မရဲ့ အားကိုးရာဟာ သူပါပဲ ။

ရင်းနှီးခဲ့ကြတဲ့ အချိန်တွေ ၊ ကိန်းအောင်းနေခဲ့ကြတဲ့ အဖြူရောင် သံယောဇဉ်တွေ နဲ့ ဖြတ်ကျော်လာခဲ့တဲ့ အတိတ်ရဲ့ ကာလာမဲ့ အရောင်တွေနောက်မှာ အားနာတာတွေ ၊ သူစိမ်းဆန်တာတွေ ၊ လျှို့ဝှက်မှုတွေ ၊ ဟန်ဆောင်ခြင်းတွေ စီးဝင်မနေခဲ့ပါဘူး ။ ပြန်တွေ့တော့လည်း အရင်အတိုင်းပါပဲ ။ ခင်ခင်မင်မင် ၊ ကြင်ကြင်နာနာ အမူအယာ တွေအပြည့်နဲ့။ ကျွန်မတို့တွေ လွပ်လပ်ခဲ့ ကြတယ် ။ ကျွန်မတို့ရဲ့ ရင်းနှီးမှုမှာ အရောင်တွေမပါဘူး ။ နှောင်ကြိုးတွေ မပါဘူး ။ သန့်သန့်ရှင်းရှင်းနဲ့ တကယ်ကို လွပ်လပ် တဲ့ ငှက်တွေလိုပါပဲ ။ ကျွန်မတို့ကြားမှာ အထင်လွဲစရာတွေ မရှိဘူး ။ သူများတွေမြင်ရင်တော့ ဘယ်လိုတွေထင်ကုန်တော့မှာပဲ ဆိုတဲ့ အတွေးတွေ မရှိဘူး ။ ၁၀ နှစ်လောက်ကွာတဲ့ ကျွန်မတို့နှစ်ယောက်က ကစားကွင်းတွေကြားမှာ ခုန်ပေါက်ရင်း တရိစ္ဆာန် ဥယျဉ်ထဲက ကျွန်မချစ်တဲ့ မျောက်တွေနားမှာ ပျော်မြူးရင်း အချိန်တွေ ကုန်လွန်ခဲ့ဘူးတယ်။

အပျိုပေါက်စ ကျွန်မကို ရှက်မှန်းသိလို့ နောက်ခဲ့တာတွေကို ပြန်သတိရနေသေးတယ် ။ ပန်းခြံတွေထဲမှာ အတွဲတွေမြင်တိုင်း မထိတထိ နောက်တတ်လွန်း လို့ ခလုတ်တိုက် လဲမတတ်ဖြစ်တဲ့အထိ ရှက်ခဲ့ဖူးသေးတယ် ။ အတွဲတွေမြင်ရင် ရှက်တတ်တဲ့ ကျွန်မ ကိုသူက

“ ဟိုမှာ ကြည့်စမ်း စတုဝတေ “
“ဘာလဲ ဘာပြတာလဲ..ဘာကိုကြည့်ရမှာလဲ “
“ ကြည့်စမ်းပါ..ဟိုဘက်မှာ ကြည့်လိုက်စမ်း..ဟိုအတွဲတွေဘာတွေလုပ်နေလဲ“ ဆိုပြီး လက်ညှိးထိုးပြတော့
“ဟာ“ ဆိုပြီး ရှက်ရှက်နဲ့လှည့်ပြေးလိုက်တာ လှဲမတတ်ပါပဲ ။ ရင်တောင် မခုန်ဖူးသေးတော့ အဲဒါမျိုးတွေ မြင်ရင် ကြည့်လည်း မကြည့်ရဲသလို ရှက်လည်းရှက်တယ် ။


ဖက်ရှင်ကို စိတ်ဝင်စားတဲ့ ကျွန်မက မေမေ့ကျေးဇူးကြောင့် စက်ချုပ်ပညာကို သင်ကြားခွင့်ရခဲ့တယ် ။ ပထမနှစ်ကျောင်းသူ ဘ၀ကစလို့ သူများနဲ့ မတူအောင် စတိုင်ထွင်လို့ ၀တ်ခဲ့သေးတာကို အမှတ်ရမိတယ် ။ အဆန်းတွေနဲ့ ကျွန်မကို ဂရုစိုက်ခဲ့ တာကလည်း အနီးဆုံးလူ သူပါပဲ ။ စကတ် သုံးလွှာတွေ ခေတ်စားနေချိန်မှာ ကျွန်မက လေးလွှာစကတ်ရအောင် ချုပ်တတ်သလို မဂ္ဂဇင်းထဲက မော်ဒယ်လ်တွေရဲ့ ဒီဇိုင်းတွေကိုလည်း ဖြတ်ညှပ်ကပ် ပေါင်းစပ်လို့ သူများနဲ့ထူးအောင် ထွင်တတ်သူ...။

“ ဒီ အင်္ကျီဇစ် က နဲနဲအပေါ်ဆွဲတင်လို့ မရတော့ဘူးလား“
ဟင့်အင်း မရတော့ဘူး ဒါနောက်ဆုံးပဲ ။

“ ဒီ စကတ်က ဘယ်လိုစတိုင်လဲ “
အဲဒါ ထွင်ထားတာလေ ဘယ်သူမှ မ၀တ်ဖူးသေးဘူး

“ ဒီ ဒီဇိုင်းကရော ထွင်ထားတာပဲလား “
ဟုတ်တယ်လေ ဘယ်ဒီဇိုင်နာမှ မထွင်ဖူးသေးဘူး မဂ္ဂဇင်းတွေထဲက ကြိုက်တာတွေကို ပေါင်းစပ်ထားတာ ။

“ လည်ပင်းက နဲနဲ ဟိုက်နေတယ်“
အော်...ဒီစတိုင်က အဲဒီလိုမှ ကြည့်ကောင်းမှာလေ ။ မဟိုက်ရင် ဘယ်ကြည့်မကောင်းမလဲ ။

စသဖြင့် အသေးစိတ်က အစ လိုက်ကြည့်လို့ ဂရုစိုက်ပေးခဲ့တာ ။


အရိပ်လို အနားမှာ အလိုလိုက်ပေးတဲ့ သူ့ကို ကိုကို့အရှိန်နဲ့ စိုးချင်တိုင်းစိုးလို့ အမြဲအနိုင်ကျင့်ခဲ့တယ် ။ ဒါ့အပြင် ကျောင်း ကိစ္စတွေကြောင့် သူ့တက္ကစီ ကိုချောဆွဲလို့ ဒုက္ခပေးခဲ့ဖူးတာလည်း အကြိမ်ကြိမ်ပါပဲ ။ ဒါတွေကို သူတစ်ခါမှ ညည်းငြူတာ မကြားခဲ့ရဘူး ။ အပြင်ကိုသွားတိုင်း ကျွန်မတို့ရဲ့ ဆုံမှတ်နေရာက “သမိုင်းလမ်းဆုံ“ ပါ။ သမိုင်းလမ်းဆုံက ကြေးအိုးဆိုင်က ကျွန်မတို့ အားပေးနေကျပေါ့ ။ ကျွန်မတို့ရဲ့အမှတ်တရ နေရာလည်း ဖြစ်တယ်လေ ။ သက်ဆိုင်သူတွေ မဟုတ်ကြသလို အပေး အယူလည်း မရှိဘူး ၊ နှောင်တွယ်မှုတွေလည်း မရှိဘူး ။ ပွင့်ပွင့်လင်းလင်းပဲ ကျွန်မတို့ ခင်မင်ပျော်ရွှင်ခဲ့ကြတာပါ။

................................

ကျောင်းပြီးတော့ ကျွန်မတို့တွေ မတွေ့ဖြစ်ကြတော့ဘူး ။ သူလည်း သူ့လမ်းသူလျှောက်လို့ ကျွန်မလည်း သင်တန်းမျိုးစုံကြားမှာ မအားလပ်ပါဘူး ။ ဝေးကွာနေတဲ့ မိသားစုတွေကို လွမ်းဆွတ်ရင်း ဆက်လက်လျှောက်လှမ်းရမယ့် အနာဂတ်အတွက် ကျွန်မအားယူ ရင်း အချိန်တွေကို ကုန်ဆုံးစေခဲ့တယ် ။

တမြေဆီ ဝေးနေကြပေမယ့် ဆက်သွယ်ရေးရဲ့အကျိုးဆက်ကြောင့် ဘယ်သူငယ်ချင်းကတော့ အိမ်ထောင်ကျလို့ ဘယ်သူတွေက တော့ မွဲကုန်ကြပြီ ။ ဘယ်သူ့တွေက ကွယ်လွန်လို့ ဘယ်သူကတော့ဖြင့် ဘယ်ကိုရောက်သွားပြီ....စသဖြင့် အားလုံးသိခဲ့ရတယ်
တစ်ချိန်တည်းမှာပဲ ကိုအောင်နိုင်စိုး အိမ်ထောင်ကျသွားပြီ ဆိုတဲ့ သတင်းကိုကြားခဲ့ရတယ် ။ ဘယ်သူဘယ်ဝါဆိုတာ မသိရပေမယ့် ဘယ်လို ဇနီးမျိုးဖြစ်မလဲဆိုတာကိုတော့ သိချင်နေမိခဲ့တယ် ။ ဘယ်လိုမှ မခံစားခဲ့ရပေမယ့် ဇနီးကောင်းတစ်ယောက်မှ ဟုတ်ရဲ့ လားဆိုတဲ့ အတွေးလေးတော့ ၀င်ခဲ့မိတယ် ။ မင်္ဂလာပွဲကို မချီးမြှင့်ခဲ့ရလို့ စိတ်မကောင်းဖြစ်ခဲ့ရုံက လွဲလို့ အရာတိုင်းဟာ သူ့အ လိုလို ပြီးဆုံးသွားတာပါပဲ ။ တိုက်စားလာတဲ့ သက္ကရာဇ်တွေရဲ့နောက်မှာ လှုပ်ရှားရုန်းကန်းရင်း ကုန်ဆုံးလိုက် ၊ ရရှိလိုက် ၊ သစ်လိုက် ဟောင်းလိုက်နဲ့ ဘ၀ရဲ့ အချိန်တွေဟာ အိုမင်းရင့်ရော်လာတာပါပဲလေ ။

ဘယ်အရာမှ မမြဲတဲ့ လောကကြီးမှာ တစ်ခါတစ်လေလည်း တစ်ယောက်တည်း ၊ တစ်ခါတစ်လေလည်း အဖော်တွေနဲ့ ၊ တစ်ကြိမ် တစ်ခါ ပျော်ရွှင်ခွင့်ရခဲ့ရင် တစ်ကြိမ်တစ်ခါတော့ ငိုကြွေးရမှာပါ ။ ဒီအချီမှာ အောင်နိုင်သူဖြစ်နေပေမယ့် နောင်တစ်ချီမှာ ရှုံးနှိမ့်သူ ဖြစ်သွားနိုင်တာတွေဟာ လောကနိယာမထဲက မှန်ကန်မှုတွေပဲ မဟုတ်လား ။

............................................

ဒီလိုနဲ့ ကျွန်မ တစ်ရက်ထက်တစ်ရက် အိုမင်းရင့်ရော်လာလိုက်တာ ၂၀ ကျော်လို့ ၃၀နားတောင် နီးလာခဲ့ပြီ ။ အတိတ်ဟာ အတိတ်မှာ ကျန်ခဲ့တယ် ဆိုပေမယ့် ရင်ထဲက သံယောဇဉ်တွေ ပျော်ရွှင်မှုတွေဟာ အမြဲတမ်းနွေးထွေးနေတယ်ဆိုတာ ယုံနိုင်စရာ ကောင်းပါ့မလားပဲ ။ ချည်နှောင်မှုတွေ မပါတဲ့ ပျော်ရွှင်မှုမျိုး ၊ အပေးအယူမပါတဲ့ လွပ်လပ်မှုမျိုး ၊ ကလေးဘ၀လို ခုန်ပေါက်ကစား ခဲ့ဖူးတဲ့ ရသမျိုး နောက်တစ်ကြိမ်ပြန်မရနိုင်တော့တာ သေချာမှု တစ်ခုဖြစ်နေခဲ့ပြီလေ ။

အတိတ်ရဲ့ ရပ်ဝန်းလေးကို ဖြတ်သွားမိတိုင်း သူ့ကိုသတိရနေမိတယ် ။ တက္ကစီတွေမြင်တိုင်း တစ်ချိန်က အနိုင်ကျင့်ခဲ့ဖူးတဲ့ စကား ထစ်ထစ်နဲ့ စတုဝတေ လို့ခေါ်ခဲ့ဖူးသူကို သတိရတယ် ။ ကျွန်မကို အမြဲဂရုတစိုက်ဝေဖန်တတ်သူကို သတိရတယ် ။ တစ်ချိန်က စာပြပေးဖူးတဲ့ စိတ်ရှည်တတ်တဲ့ ကိုကို့သူငယ်ချင်းကိုလွမ်းတယ် ။ စတိုင်ပန်နဲ့ ရှပ်အင်္ကျီ အမြဲဝတ်ကာ ဗိုလ်အောင်ကျော်လမ်းက ကျော်ကြီး ကျူရှင်အောက်မှာ တက္ကစီ တစ်စီးနဲ့ စောင့်နေတတ်တဲ့ သူ့ကို သတိရမိနေတယ် ။ ကျွန်မရဲ့ ရင်ထဲမှာ အမြတ်တနိုး
ဖြူစင်စွာ ရှိနေပေးခဲ့တဲ့ သူ့ကို သိပ်ကို သတိရမိနေတယ် ။ အထူးသဖြင့် မဖြူမစင် ချဉ်းကပ်လာသူတွေနဲ့တွေ့ရင် သူ့ကို ပိုလို့ လွမ်းမိပါတယ် ။ အမှတ်တရ ရင်ထဲမှာ ရှိနေခြင်းဟာ စွဲလမ်းခြင်း အနုပညာလား ဒါမှမဟုတ် အဖြူရောင် သံယောဇဉ်တွေရဲ့ အ ဆုံးသတ် နိဂုံးလား ဆိုတာ ကျွန်မ မသိရှိသေးခင်မှာပဲ အဖြေရှာမှုကို ရပ်နားလိုက်ရတယ် ။


ကျွန်မ အတိအကျမသိတဲ့ ရာသီတစ်ခုမှာ ကျွန်မမသိရသေးတဲ့ ရောဂါတစ်ခုနဲ့ ကျွန်မမသိတဲ့ အချိန်မှာပဲ လောကကြီးထဲကနေ ထွက်သွားခဲ့ပြီ..တဲ့။ ကျွန်မ အဖြေမသိတဲ့ ခံစားမှုကို ခံစားနေရတယ် ။ နှမြောတာလား ၊ ငိုချင်တာလား ၊ ဖြေဆည်မရတာလား ဘာမှ ဝေခွဲလို့မရနိုင်ပေမယ့် ကျွန်မရင်ထဲမှာ မကောင်းဘူးဖြစ်နေတယ်။ အဖြူရောင် သံယောဇဉ်တွေရဲ့နောက်က သူတစ်ယောက် ကို ကျွန်မမေ့လို့မရတာ ချစ်ခြင်း ရဲ့ အနုပညာ တစ်ခုလား....။

ချစ်ခြင်းရဲ့ အနုပညာ ကို အဓိပ္ပာယ်ဖွင့်ဆိုလို့ ....ချစ်ခြင်း အနုပညာ ရဲ့ အဖြေဟာ

တစ်ယောက်ကို တစ်ယောက်ဂရုစိုက်ခြင်း
မျော်လင့်ခြင်း မရှိတဲ့ ပေးဆပ်ခြင်း
ပျော်ရွှင်မှုကိုသာ ရှေးရှုခြင်း
တစ်ယောက်ကို တစ်ယောက် ဖေးမခြင်း
ဟန်ဆောင်ခြင်း မရှိတဲ့ ပျော်ရွှင်ခြင်း
အပေးအယူမရှိတဲ့ ချစ်ခြင်းမေတ္တာ ...ဖြစ်မယ်ဆိုရင် ကျွန်မတို့ရဲ့ သံယောဇဉ်ဟာ ချစ်ခြင်းရဲ့အနုပညာ မည်မှာပါ

ခက်ခဲနက်နဲလှတဲ့ ချစ်ခြင်းရဲ့ အနုပညာဟာ လိုက်လို့မမှီနိုင်အောင်ကိုလေးနက်လွန်းလို့ အဓိပ္ပာယ်ဖွင့်ဖို့ရာ မလွယ်လှပါဘူး ။
အဲဒီ နားလည်ရခက်တဲ့ ချစ်ခြင်းအနုပညာထဲမှာ ကျွန်မ စီးဝင်ခဲ့ဖူးတယ် ။ လေးနက်ခဲ့ဖူးတယ် ။ ရင်ထဲမှာ အစိုင်အခဲတစ်ခု အဖြစ် တည်ရှိနေခဲ့တယ် ။ မရှိတော့ပေမယ့် ရှိနေဆဲ ၊သေဆုံးသွားပေမယ့် ရှင်သန်ဆဲ ၊ ပျောက်ဆုံးသွားပေမယ့် သတိရနေဆဲ ၊ ဘယ် လိုပဲဖြစ်ဖြစ် ရင်ထဲက ချစ်ခြင်းရဲ့အနုပညာကတော့ ရှင်သန်ဆဲပါ.....။


( ကောင်းရာ ဘုံဘ၀မှာ အဆင်ပြေချောမွေ့စွာ စံစားရင်း ခံစားနိုင်ပါစေ)