အတိတ် မြို့ဟောင်း

မေ့မရတိုင်း .....


တူးဖော်မိတဲ့ အတိတ်ရဲ့မြို့ဟောင်း
မပြောင်းလဲသေးပါဘူး

လှည့်ကြည့်လိုက်တိုင်း မြင်နေရတာက
ဒဏ်ရာရိုင်းရိုင်း အလွမ်းလှိုင်းတွေ....

.......................


အချိန်တွေ ကုန်လွန်သွားခဲ့ပြီ......။ရင်ထဲက နွေဦး အခုထိ ရှုးနေတုန်းပဲမို့ မြောက်ပြန်လေတွေကလည်း မုန်တိုင်းထန်နေတယ်။
မှန်းဆမိတိုင်း လမ်းစတွေက အတိတ်မြို့ဟောင်းဆီကိုပဲ ဦးတည်ချင်နေမိတယ် ။ ကျွန်မရဲ့ စိတ်က သံလိုက်အိမ်မြောင်လို သူရှိရာ မြောက်ဘက်အရပ်ဆီကိုပဲ လမ်းပြလို့ အတိတ်တွေကို ပြန်တူးဆွချင်နေတုန်း.....။


ဆက်လျှောက်လို့မရနိုင်တော့တဲ့ တို့နှစ်ဦးရဲ့ အနာဂတ်လမ်းတွေကြားမှာ အချစ်တွေက ဓါးစားခံလား.....။ ရင်ခုန်သံတွေက ငို ညဉ်းလို့ အလွမ်းတေးချင်းတွေ ဆိုတီး နေလေရဲ့ ။ ဝေးပြီ ဘေဘီ....ပြန်မဆုံနိုင်တော့မယ့် တို့ရဲ့လမ်းမှာ အချစ်တွေကိုပဲ အားနာမိတယ် ။


မင်းနဲ့တို့ နေထိုင်ခဲ့ဖူးတဲ့ မြို့ဟောင်းလေးမှာ ပျော်ရွှင်မှုတွေ ၊ ရင်ခုန်ခြင်းတွေ ၊ ရယ်သံချိုတွေ ၊ မေ့မရမှုတွေ ၊ သာယာမှု တေးသံတွေ ပျံ့လွင့်နေဆဲပါ ။ မဆုံနိုင်တော့မယ့် အကြောင်းတွေကြောင့် ခုတော့လည်း တစစ နဲ့ဝေးလို့ကျန်ခဲ့ပြီ..။ မပြောင်းလဲသေးတဲ့ အဲဒီမြို့ဟောင်းလေးက ပြန်လှည့်ကြည့်လိုက်တိုင်း အလွမ်းတွေနဲ့ ထုံမွှန်းထားလို့.... ဒဏ်ရာရိုင်းတွေနဲ့ ပြည့်နေတဲ့မြို့လေး အဖြစ် တည်ရှိနေရခြင်းအတွက်တော့ ရင်နာမိတယ် ။ ဒါပေမယ့်ပေါ့ .........


ဘ၀ဇတ်ဆရာ အလိုကျ ကခဲ့ရတဲ့ တို့ဘ၀တွေအတွက်
ရင်ခုန်မှုတွေ စတေးလို့ ဆွေးနေအောင် ဝေးရမှာ မှန်ပေမယ့်

အတိတ်ကို ပြန်တွေးလို့ ဆွေးမနေပါနဲ့တော့ ဘေဘီ
“သေပြီ ဆရာ“လို့ ...နဖူးကို လက်နဲ့ရိုက် သက်ပြင်းတစ်ချက် ရှိုက်ရုံပဲပေါ့........

တို့နှစ်ယောက်ချစ်တဲ့ အတိတ်မြို့ဟောင်း ပြန်မတောင်းကြေးနော်
ချစ်ခြင်းတွေ မြိုသိပ်လို့ ဆိတ်ဆိတ်လေးပဲ တိတ်လိုက်ကြရအောင်ပါ

မရှောင်နိုင်လို့ လမ်းမှာတွေ့ရင် အပြုံးတံခါးကိုပိတ်
နှလုံးသားကို အိပ်စေလိုက်တော့နော်....
တို့ ဘ၀တွေ အတွက်ပေါ့

ဆုံစည်းလို့မရနိုင်တဲ့ တို့တွေအတွက်တော့
ဦးချစ်ကောင်း သီချင်းထဲကလို
“ ဘာ အကောင်းဆုံးလဲ “ လို့မေးရင်
ဒါ အကောင်းဆုံးပဲပေါ့ ဘေဘီ ။


..............****............*******....

3 comments:

လင်းကြယ်ဖြူ said...

ရသမြောက်တဲ့ စာစုလေးပါပဲ ဘော်ဒါရေ...
ဘာအကောင်းဆုံးလဲ လို့ မေးရင်
ဒါအကောင်းဆုံးပဲ လို့ ဖြေလိုက် တော့မယ်လေ..း )

ပျော်ပါစေ

*.*.*

စိတ်စမ်းရေ said...

မရှောင်နိုင်လို့ လမ်းမှာတွေ့ရင် အပြုံးတံခါးကိုပိတ်
နှလုံးသားကို အိပ်စေလိုက်တော့နော်....

အဲဒီစာသားလေးကို အရမ်းကြိုက်တယ်....။

Beauty Studio USA Branded Store said...

ဆိတ်ဆိတ်ကလေးနဲ့ လာဖတ်သွားတယ်။ လက်ရာမြောက် စာသားအားတွေ အရမ်းကောင်းတယ် ညီမရေ။