ရွှေစက်တော်.........
ခရစ်တော် မပေါ်မီ (၆၀၀)ခုနှစ်တွင် မြတ်စွာဘုရားခြေတော်ရာ နှစ်ဆူ ကိန်းဝပ်စံပယ်ခဲ့၍ အထက်စက်တော်ရာ၊ အောက်စက် တော်ရာ ဟူ၍ ထင်ရှားသည်။ ရွှေစက်တော်ဘေးမဲ့တောကို ၁၉၄၀ပြည့်နှစ်ဇွန်လ (၂၉)ရက်တွင် စတင်တည်ထောင်ခဲ့သည်။ မင်းဘူး (စကု)မြို့နယ်၊ ငဖဲမြို့နယ်နှင့် စေတုတ္တရာမြို့နယ်များပါဝင် တည်ရှိသည်။ ၃၁၄ စတုရန်းမိုင် ကျယ်ဝန်းသော ရွှေစက်တော် ဘေးမဲ့တောတွင် မြန်မာ့ရွှေသမင်ကို အဓိကထိန်းသိမ်းထားကြောင်း သိရသည်။ ငှက်အမျိုးပေါင်း (၁၁၃)မျိုးလည်း အခြား တိရစ္ဆာန်များနှင့် အတူကျက်စားနေထိုင်သည်။
မင်းဘူးမြို့နှင့် ၃၂ မိုင်ဝေးသော မန်းရွှေစက်တော် ဘုရားသည် မကွေးတိုင်း ၊ မင်းဘူးမြို့နယ်တွင်တည်ရှိပါသည် ။ ၁၀၈ ကွက် စက် လက္ခဏာနှင့် ပြည့်စုံသော မြတ်ဗုဒ္ဓ၏ ခြေရာတော် အစစ်ဖြစ်သောကြောင့် စက်တော်ရာ ဘုရားဟုခေါ်တွင်ပြီး မန်းချောင်း အနီး တွင် တည်ရှိသောကြောင့် မန်းစက်တော်ရာ ဘုရားဟု ခေါ်တွင်သည် ။ တနည်းအားဖြင့် မန်းရွှေစက်တော်ရာ ဘုရားဟု ခေါ်ကြသည် ။ မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ကို နှစ်စဉ်နှစ်တိုင်း တပိုတွဲလဆန်း (၅)နေ့တွင် စတင်ဖွင်လှစ်ပြီး မြန်မာ နှစ်ဆန်း(၁) ရက်နေ့ထိကျင်းပပါသည်။
မန်းစက်တော်ရာ ခြေတော်ရာများသည် ဘုရားရှင်ကိုယ်တော်တိုင်ချထားသော ခြေတော်ရာများ ဖြစ်သဖြင့်ဖူးမျှော်ကြည်ညိုသူများနှင့် အထူးစည်ကားသကဲ့သို့ ပျော်ရွှင်စရာ ကောင်းသော အညာဒေသ၏ မန်းချောင်းတွင်ရေချိုးနိုင်သောကြောင့် မန်းစက်တော်ရာ ဘုရားလည်း ဖူးရင်း ၊ ရွှေစက်တော်ဘေးမဲ့တော တွင်လည်း မိသားစုများ သဘာဝတော အရသာကို ပျော်ရွှင်စွာ ခံစားနိုင်သော ကြောင့် မြန်မာပြည် အနှံ့မှ ဘုရားဖူးများနှင့် အထူးစည်းကားလျှက်ရှိပါသည် ။
.........................................
နေခြည်ဖြာသော နွေဦး နံက်ခင်း တစ်ခုတွင် ဘုရားဖူးတစ်သိုက် မန်းစက်တော်ရာ ဘုရားသို့ ကောင်းပေ့ဆိုသော ကားများကို စီး နင်းကာ သစ်ပေ့ဆိုသော အကောင်းစား အ၀တ်တန်ဆာများ ၊ မိန်းမပျို ၊ အို ..တို့ကိုယ်တွင်လည်း ၀င်းဝင်းထိန်သော ရွှေ ဆွဲကြိုး ၊ရွှေလက်ကောက်များ ဆင်မြန်းထားလျှက် ရောက်ရှိလာကြသည် ။ ထိုသူတို့သည် ရန်ကုန်မြို့မှ လူချမ်းသာ အသိုင်းအ ၀ိုင်းမှ ဟုတ်ဟန်တူသည် ။
အသားဖြူဖြူ အရပ်ပုပုနှင့် ၀င်းထိန်နေသောရွှေများ ညွတ်နေအောင် ၀တ်ဆင်ထားသူ အမျိုးသမီးကြီးသည် ဖုန်များကိုတခါခါနှင့် ကားရှေ့ခန်းမှ ပင်ပန်နွမ်းနယ်သော ဟန်ပန်ဖြင့် နွမ်းလျစွာဆင်းချလာသော မရှေးမနှောင်းတခဏမှာပင် အရပ်ရှည် ရှည် အသားခပ်လပ်လပ်နှင့် နေကာမျက်မှန်တပ်ထားသော အမျိုးသားသည်လည်း ထပ်ချပ်မကွာလိုက်ပါလာသည်။ ထိုအမျိုးသမီးကြီး၏ အမျိုးသား ဖြစ်ဟန်တူသည် ။ ကားနောက်ခန်းတွင်မတော့ သူတို့၏ အလုပ်သမားများဟုတ်ဟန်တူသော ခပ်နွမ်းနွမ်း သုံး လေး ယောက် တကွ ခြင်းကြီး ခြင်းငယ် အသွယ်သွယ် အပြင် အ၀တ်အစားများ ပါဝင်ဟန် တူသော အိတ်ကြီး အိတ်ငယ်များ နှင့် စသည် ...စသည် အမည်စုံစွာ......
ထိုသူတို့နှင့် ခပ်လှမ်းလှမ်းတွင်လည်း အကောင်းစားကားတစ်စီး ရပ်နားထားကာ မိသားစုတစ်ခု ဆင်းသက်လိုက်ပါလာသည် ။ ပိုက်ဆံအိတ်ဖောင်းဖောင်းကားကားကို ချိုင်းကြားတွင်ညှပ်ကာ ရှေ့ဆုံးမှဦးဆောင်လာသူသည် ခန့်ခန့်ချောချော အမျိုးသားတစ်ဦး ဖြစ်ကာ ထိုသူ၏နောက်တွင်မတော့ မရယ်မပြုံး ခပ်တင်းတင်းမာနမျက်နှာထားပိုင်ရှင် အမျိုးသမီးကြီးတစ်ဦး နှင့် အတူ ခေတ်လွန် အ၀တ်အစားများနှင့် သားသမီးတစ်စုလည်းပါဝင်သည် ။ ပုဆိုးခပ်တိုတိုဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည်လည်း အုန်းသီး ငှက်ပျော်သီးများပါဝင်သော ကန်တော့ပွဲကို ရွက်ကာ ထိုမိသားစု၏နောက်မှ ထပ်ချပ်မခွာ..............
အရိပ်ကောင်းသော သစ်တစ်ပင်၏ခြေရင်းတွင်ခေတ္တရပ်နားကာ ထိုမိသားစုနှစ်စုသည် တတွတ်တွတ်နှင့်ခေါင်းခြင်းဆိုင်လျှက် ခြေဟန်လက်ဟန် လက်ကောက်သံ တခြွမ်ခြွမ်နှင့် တိုင်ပင်ပြီးသည့် သ ကာလ ကန်တော့ပွဲကို ရှေ့ဆုံးမှရွက်လျှက် အုပ်စုလိုက် တောင်ပေါ်တက်သွားကြလေသည် ။ အဓိကရဲ့ အဓိက အကြောင်းရင်းမှာ မန်းစက်တော်ရာဘုရားကို ဖူးမျှော်ရန်လာရောက်ခြင်း မဟုတ် ၊ သဘာဝတောတောင် ရေ မြေကိုကြည့်ရှုခံစားလိုခြင်းမဟုတ် ၊ မန်းချောင်းရေ ချိုးရန်လည်း စိတ်ဝင်စားကြသူများမဟုတ် ။ ထူးခြားမြင့်မြတ်သော သူတော်စင်ရဟန်းထူးကိုရှာဖွေကာ ပူဇော်ရန် ရည်ရွယ်ရောက် ရှိလာခြင်းသာ အဓိကဖြစ်သည် ။
...............................
သစ်ပင်တောတောင်ရေမြေသည် အေးမြပေစွ ...။ သစ်ပင်ကြီးငယ် စုံအငယ်တို့ထက်တွင် သံသာသော ငှက်အော်မြည်သံလေး များသည်လည်း ကြည်နူးစရာ တေးသံသာလို ချိုမြိန်ဖွယ်ကောင်းလှတယ် ။ ကျောက်ဆောင် ၊ ကျောက်တောင် ၊ ကျောက်ဖျာ တွေက လည်း ဟိုတစ်စ ဒီတစ်စနဲ့ သာယာဖွယ် မြင်ကွင်းဖြစ်လို့ မျက်စိ ပသာဒကြည်မြလှတယ် ။
ဒီလိုသာယာအေးမြလှတဲ့ တောတောင်ရေမြေနေရာတွေမှာ သူတော်စင်ရဟန်းတွေဟာ တစ်ကိုယ်တည်း တရားဓမ္မ ကျင့်ကြံ အားထုတ်ပွားများကာ တရားပေါက်မြောက်နေတဲ့ သူတော်စင်တွေရှိရမယ်ဆိုတဲ့ အတွေးတွေနဲ့ လာရောက်ရှာဖွေ ပူဇော်ခြင်းပဲဖြစ်ပါ တယ် ။
များမကြာမီ အချိန် တခဏမှာပဲ အရိပ်ခပ်ကောင်းကောင်း သစ်ပင်ကြီးရဲ့အောက်မှ ကျောက်ဖျာ အစွန်းတွင် အညိုရောင် ၀တ်ရုံကို ဦးခေါင်းထက်မှ ခြုံလွှမ်းကာ တင်ပလ္လင်ခွေလျှက်အနေအထားရှိသောပုဂ္ဂိုလ်တစ်ပါးအား ရှားပါးစွာတွေ့ရှိလိုက်ချိန်မှာတော့ အားလုံး ၏ မျက်နှာသည် ထိန်ဝင်းလျှက် အပြုံးမျက်နှာကိုယ်စီဆင်မြန်းလို့ ထိုပုဂ္ဂိုလ်ထံသို့ ခြေဖွဖွနင်းကာ ချဉ်းကပ်သွားကြတယ် ။
ပါလာ သော ကန်တော့ပွဲအား ရိုသေစွာ ဦးခိုက်ချထားလျှက် တရားရေအေး အမြိုက်ဆေး တိုက်ကျွေးပါရန် လျှောက်ထား သော်လည်း နှုတ်မှ မမိန့် ခပ်ဆိပ်ဆိပ်သာ နေတော်မူသော်ကြောင့် စိတ်ပျက်အားငယ်သွားကြသော်လည်း ထူးခြားသည့် ရသေ့ပုဂ္ဂိုလ် သူတော် စင် ဖြစ်ခြင်းကြောင့် ဟုသဘောယူဆကာ ၈ပါးသီလကို ကိုယ်တိုင်ယူကြမည်ဟု ဆုံးဖြတ်ကာ ညီညာစွာ ၈ပါးသီလ ခံယူ ဆောက် တည်ကြလေတယ် ။
အဟံ ဘန္တေ တိသရဏေန..............
........................
နမော တဿ ဘဂ၀တော အရဟတော သမ္မာသဗ္မုဒ္ဓဿ...............
.............
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ၊
.......................
...........................
၈ပါးသီလခံယူနေစဉ် တခဏမှာပဲ ထိုသူတော်စင်ထံမှ “ တုတ် “ ဟုသော တိကျပြတ်သား တိုတောင်းသော အမိန့်ကို မိန့်ကြားကာ တဖန်ပြန်လို့ နှုတ်ဆိတ်နေပြန်တယ် ။ ” တုတ် “ဟုသော အသံကို နားနှင့်ဆပ်ဆပ်ကြားသော ထိုသူတို့သည် ရုတ်တရက် နားမလည်နိုင်ဖြစ်ကာ ဆိပ်ဆိပ်မျှငြိမ်သက်ပြီးနောက် တခဏတွင်တော့ ........
အမျိုးသားတစ်ဦးမှ သတိဝင်လာကာ
“ ဟိတ်ကောင်တွေ...ဒူးတွေ တုတ်ထိုင်ကြစမ်း...အမျိုးသမီးတွေရော အမျိုးသားတွေရော...ဒူးတုတ်ထိုင်ကြလေ“
ဟူသော စကားသံကြောင့် အားလုံးဒူးတုတ်ထိုင်ကာ ၈ပါးသီလအား ဆက်လက်ဆောက်တည် ခံယူကြတယ်
*ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဓိယာမိ၊........
............................
......................................
“ တုတ် “
အညိုရောင် ၀တ်ရုံကိုခြုံလွှမ်းထားသော ထိုပုဂ္ဂိုလ်သူတော်စင်ထံမှာ နောက်တစ်ကြိမ် “ တုတ် “ ဟုသော စကားသံကို ထပ်မံ ကြားရပြန်ခြေပြီ ။ ခက်လှစွာတကား..............
နားလည်ရန်ခက်ခဲသော တိုတောင်းသော ထိုမိန့်ကြားချက်ကို အဖြေရှာမရသော်ငြားလည်း......အလိုမကျမှု တစ်စုံတရာကြောင့် သာဖြစ်ရမည် ဟုယုံကြည်လျှက်...........
“ ဟေ့ကောင်တွေ ....ရိုရိုသေသေ ဒူးတုတ်ထိုင်ကြလေ...ဟိုကလေးတွေရော ...အမျိုးသမီးတွေရော...ရိုရိုသေသေ ဒူး တုတ် ထိုင်ကြပါဟ “ ဟု ဆော်သြကာ ၈ပါးသီလကို ဆုံးခန်တိုင်အောင် ဆက်လက် ခံယူတည်ဆောက်ကြတယ်
..............................
........................
................
*ဥစ္စာသယန မဟာသယနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊...
....................
၈ပါးသီလ ခံယူဆောက်တည်ပြီးစီးလို့ သာဓုခေါ်ရန် ပြင်ဆင်ဆဲ တခဏမှာပဲ “တုတ်.......တုတ်.....ဗြုန်း “ ဟု အော် ဟစ်ကာ... အညိုရောင်ပိတ်စကို မနိုင်မနင်း မလျှက် ငုတ်တုတ်အိပ်နေရာမှ လန့်နိုးသွားသော အရူး ကိုသောင်းသည် ခါးကြား မှ ညှပ်ထားသော ယပ်တောင်စုတ်သည် လည်းကောင်း ၊ သစ်ပင်ဘေးတွင် ချထားသော နို့ဆီခွက်စုတ်များကို လည်းကောင်း ၊ ပစ်ချ ကန်ကျောက်ကာ အိပ်မှုန် စုံမွှားဖြင့် ခြေဦးတည့်ရာ တဟီးဟီး တဟားဟား အော်ရယ်လျှက် ပျောက်ကွယ်သွားလေတော့ သတည်း............။
...........................
သူများတကာထက် ထူးချင်ကြသော ရွှေမြို့တော်မှ ဦးဦး ဒေါ်ဒေါ် ကိုကို မမ များသာ ပါးစပ်အဟောင်းသားနှင့် လက်အုပ်ချီလျှက် မင်သက် ကျန်ခဲ့ကြလေတယ်.............။
.............................
မှတ်ချက်။ ။ ရွှေစက်တော်တွင် ဖြစ်ပွားခဲ့သော တကယ့်ဖြစ်ရပ်မှန်တစ်ရပ်ဟုဆိုသည် ။ နယ်လှည့် သာသနာပြု ရဟန်းတစ်ပါးထံမှ တရားပွဲတွင် ထပ်ဆင့်ကြားသိခဲ့ရသော အဖြစ်အပြက်ဖြစ်ပါသည် ။
အချက်အလက် အချို့အား “ နှလုံးသား မှတ်စုတိုများ“ ဘလော့ခ်နှင့် ဂူဂယ်လ်မှ ကူးယူဖော်ပြပါတယ်
အတိတ် မြို့ဟောင်း
Posted by
သမီးပျို
မေ့မရတိုင်း .....
တူးဖော်မိတဲ့ အတိတ်ရဲ့မြို့ဟောင်း
မပြောင်းလဲသေးပါဘူး
လှည့်ကြည့်လိုက်တိုင်း မြင်နေရတာက
ဒဏ်ရာရိုင်းရိုင်း အလွမ်းလှိုင်းတွေ....
.......................
အချိန်တွေ ကုန်လွန်သွားခဲ့ပြီ......။ရင်ထဲက နွေဦး အခုထိ ရှုးနေတုန်းပဲမို့ မြောက်ပြန်လေတွေကလည်း မုန်တိုင်းထန်နေတယ်။
မှန်းဆမိတိုင်း လမ်းစတွေက အတိတ်မြို့ဟောင်းဆီကိုပဲ ဦးတည်ချင်နေမိတယ် ။ ကျွန်မရဲ့ စိတ်က သံလိုက်အိမ်မြောင်လို သူရှိရာ မြောက်ဘက်အရပ်ဆီကိုပဲ လမ်းပြလို့ အတိတ်တွေကို ပြန်တူးဆွချင်နေတုန်း.....။
ဆက်လျှောက်လို့မရနိုင်တော့တဲ့ တို့နှစ်ဦးရဲ့ အနာဂတ်လမ်းတွေကြားမှာ အချစ်တွေက ဓါးစားခံလား.....။ ရင်ခုန်သံတွေက ငို ညဉ်းလို့ အလွမ်းတေးချင်းတွေ ဆိုတီး နေလေရဲ့ ။ ဝေးပြီ ဘေဘီ....ပြန်မဆုံနိုင်တော့မယ့် တို့ရဲ့လမ်းမှာ အချစ်တွေကိုပဲ အားနာမိတယ် ။
မင်းနဲ့တို့ နေထိုင်ခဲ့ဖူးတဲ့ မြို့ဟောင်းလေးမှာ ပျော်ရွှင်မှုတွေ ၊ ရင်ခုန်ခြင်းတွေ ၊ ရယ်သံချိုတွေ ၊ မေ့မရမှုတွေ ၊ သာယာမှု တေးသံတွေ ပျံ့လွင့်နေဆဲပါ ။ မဆုံနိုင်တော့မယ့် အကြောင်းတွေကြောင့် ခုတော့လည်း တစစ နဲ့ဝေးလို့ကျန်ခဲ့ပြီ..။ မပြောင်းလဲသေးတဲ့ အဲဒီမြို့ဟောင်းလေးက ပြန်လှည့်ကြည့်လိုက်တိုင်း အလွမ်းတွေနဲ့ ထုံမွှန်းထားလို့.... ဒဏ်ရာရိုင်းတွေနဲ့ ပြည့်နေတဲ့မြို့လေး အဖြစ် တည်ရှိနေရခြင်းအတွက်တော့ ရင်နာမိတယ် ။ ဒါပေမယ့်ပေါ့ .........
ဘ၀ဇတ်ဆရာ အလိုကျ ကခဲ့ရတဲ့ တို့ဘ၀တွေအတွက်
ရင်ခုန်မှုတွေ စတေးလို့ ဆွေးနေအောင် ဝေးရမှာ မှန်ပေမယ့်
အတိတ်ကို ပြန်တွေးလို့ ဆွေးမနေပါနဲ့တော့ ဘေဘီ
“သေပြီ ဆရာ“လို့ ...နဖူးကို လက်နဲ့ရိုက် သက်ပြင်းတစ်ချက် ရှိုက်ရုံပဲပေါ့........
တို့နှစ်ယောက်ချစ်တဲ့ အတိတ်မြို့ဟောင်း ပြန်မတောင်းကြေးနော်
ချစ်ခြင်းတွေ မြိုသိပ်လို့ ဆိတ်ဆိတ်လေးပဲ တိတ်လိုက်ကြရအောင်ပါ
မရှောင်နိုင်လို့ လမ်းမှာတွေ့ရင် အပြုံးတံခါးကိုပိတ်
နှလုံးသားကို အိပ်စေလိုက်တော့နော်....
တို့ ဘ၀တွေ အတွက်ပေါ့
ဆုံစည်းလို့မရနိုင်တဲ့ တို့တွေအတွက်တော့
ဦးချစ်ကောင်း သီချင်းထဲကလို
“ ဘာ အကောင်းဆုံးလဲ “ လို့မေးရင်
ဒါ အကောင်းဆုံးပဲပေါ့ ဘေဘီ ။
..............****............*******....

ချစ်ခြင်း အနုပညာ မည်သော
Posted by
သမီးပျို
“ သံယောဇဉ်ကြိုးတစ်စရဲ့ အနုပညာဟာ နက်ရှိုင်းခြင်း ဖြစ်နေခဲ့ပါလျှင်...မိမိ၏စိတ်အား မမေ့မပျောက် စိုးမိုးနိုင်ခြင်း ဆိုတဲ့ အနုပညာကရော ချစ်ခြင်းတစ်ခု မည်ပါရဲ့လား....“
တွေ့ဆုံခြင်းတွေမှာ ရင်းနှီးမှုတွေ ရောပါနေတယ်
ရင်းနှီးမှုတွေရဲ့ နောက်မှာ ခင်မင်မှုအတိုင်းအတာတွေ အပြည့်အသိပ် နေရာယူလို့...
အဲဒါတွေရဲ့နောက်ကတော့ ကြည်နူးမှုတွေ ၊ တွယ်တာခြင်းတွေ......
ရင်ခုန်ခြင်းတွေ မဟုတ်ရပါပဲနဲ့ ပျော်ရွင်မှုတွေ စီးဝင်နေရခြင်းဟာ.....ကာရန်မကိုက်တဲ့ သံစဉ်တစ်ပုဒ်ကို ဆိုငြီးနေရသလိုပါပဲ
စိတ္တဇဆန်လိုက်တာ
သက်ဆိုင်သူမဟုတ်ရပါပဲ မေ့ပျောက်မရနိုင်ခြင်းတွေကရော ချစ်ခြင်း အနုပညာရဲ့ တစိတ်တဒေသများလား..
............................
ပွင့်လင်းရာသီတစ်ခုရဲ့ နွေဦးနံနက်ခင်း တစ်ခုဟာ ကျွန်မဘ၀အတွက် တွယ်တာမှု အနုပညာ တွေကာရံထားတဲ့ မှော်ဝင်ခန်း အစ တွေမှန်း တကယ်ပဲ သတိမထားမိခဲ့ဘူး ။ မူလတန်းနောက်ဆုံးနှစ်ကျောင်းသူဘ၀မှာ တွေ့ဆုံခွင့်ရတဲ့ကြတဲ့ တစ်ဦးတည်းသော အကိုဖြစ်သူရဲ့ ချစ်သူငယ်ချင်းတွေ....
အသားဖြူဖြူ ရုပ်ဖြောင့်ဖြောင့်နဲ့သူကတော့ “ဖြိုးဝေစိုး“ လို့အမည်ရတယ် ။ နာမည်ပြောင်ကတော့ “စိုးသူ“ တဲ့ ။ ၈၀ ရာခိုင်နှုန်းစိုးသူနဲ့ ခပ်ဆင်ဆင်မို့ သူ့ကို “စိုးသူ“လို့ပဲခေါ်ခဲ့ကြတယ် ။
နောက်တစ်ယောက်ကတော့ အရပ်ပုပု အသာညိုညိုနဲ့ ဆန်စက်ပိုင်ရှင်ရဲ့သားဖြစ်သူကတော့ “ထွန်းမြင့်ထွန်း“ဆိုသူပေါ့ ။ သူ့ရဲ့အကျင့်ကတော့ ရေခဲချောင်းတွေ တပုံတပင်ဝယ်ကာ ပန်းကန်လုံး တစ်လုံးထဲထည့်လို့ ဇွန်းကြီးကြီးနဲ့ အားရပါးရ စားတတ်သူ ။
နောက်ဆုံးတစ်ယောက်ကတော့ အရပ်ရှည်ရှည် အသားခပ်လတ်လတ် နဲ့ စကားထစ်တတ်သူ “အောင်နိုင်စိုး“ ဆိုသူပါ ။ နယ်က တဆင့်ကျောင်းတက်ရသူမို့ ကိုကို့နဲ့ပိုလို့အနေနီးသူပေါ့ ။ စကား ပြောရင် ထစ်ထစ် ထစ်ထစ် နဲ့မို့..သူစကားပြောရင် လိုရင်းရောက်ဖို့ အချိန်ယူရတယ် ။ ဒီကြားထဲ ခင်မင်သူတွေရဲ့ အစအနောက် ကိုပါခံရသေးတယ် ။ သူ့ကို စရင်းနောက်ရင်းနဲ့ပဲ နောက်ဆုံးတော့ အားလုံး စကားထစ်ကုန်တဲ့အထိ ဖြစ်အောင်ကို နောက်တတ်ကြတယ် ။
သူတို့တွေကတော့ အကိုဖြစ်သူရဲ့ အချစ်ဆုံးသူငယ်ချင်းတွေပေါ့ ။ အလယ်တန်းကျောင်းသားကြီးတွေ ဆိုပါတော့ ။ ကျွန်မတို့နေ ရပ်ဟာ အထက်တန်းကျောင်းတော်ကြီးရဲ့ ရှေ့တည့်တည့်မှာ ဖြစ်နေလေတော့ အားလုံးရဲ့စုရပ်ဟာ ကျွန်မတို့အိမ်ကလွဲလို့ အခြား မရှိပေါ့ ။
မူလတန်းနောက်ဆုံးနှစ်ကျောင်းသူကြီး ကျွန်မက ပဲမများတတ်သလို အလယ်တန်းကျောင်းသားတွေဖြစ်တဲ့ ကိုကိုနှင့်ချစ်သူငယ်ချင်း များကလည်း ချစ်သူမထားတတ်ကြတော့ အရာရာဟာ ရေတစ်စက်လို သန့်ရှင်းစင်ကြယ်လို့ အပစ်ကင်းကင်း လတစ်စင်းလိုပါပဲ ။
ဖြတ်သန်းလာခဲ့ကြတဲ့ နေ့ရက်တွေက သမရိုးကျ ဆန်သလို ၊ နှောင်ဖွဲ့ခဲ့ကြတဲ့ သံယောဇဉ်တွေကလည်း ချည်နှောင်ရစ်ပတ် ဖြူ စင် သင်းသန့်လို့....။
စနေသားကိုကိုက စိတ်မရှည်တတ်သလို ၊ လုံးထွေးရစ်ပတ်မရှိလှတဲ့ ကျွန်မတို့မောင်နှမရဲ့ ရင်းနှီးမှုက တစိမ်းမဆန်ရုံတမယ်ပါပဲ ။ ကိုကို နဲ့ကျွန်မက ၈နှစ်ကွာတာမို့ဖုတ်လေတဲ့ ငါးပိရှိတယ်တောင် မထင်ခဲ့ပါဘူး ။ စိတ်ကြီးတဲ့ ကိုကို့ကို စာလည်းမမေးရဲခဲ့ပါဘူး။ သချာင်္တွေ အခက်တွေ့တိုင်း ဖြေရှင်းသင်ပြပေးခဲ့တာက စိတ်မရှည်မှုတွေနဲ့ဆိုတော့ ရေငုံနှုတ်ပိတ် ဆိတ်ဆိတ်နေခဲ့ရတယ် ။ ကျွန် မရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးသူက ကိုကို့ရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ “ကိုအောင်နိုင်စိုး“ ပါ။
ကိုကို ကျွန်မကို ဆူတိုင်း ပြန်လည်ရန်ထောင်သူကလည်း “ကိုအောင်နိုင်စိုး“ ပါပဲ ။
“ မင်းကွာ...ကလေးကို မဆူပါနဲ့..နားမလည်ရင် သေချာရှင်းပြပေးမှပေါ့ကွ “ လို့အမြဲအလိုလိုက်ခဲ့သူပါ ။ သူ့မှာ ခင်တွယ်စ ရာ ညီမ မရှိတော့ ကျွန်မကို သူ့ညီမလိုပါပဲ ။ အလိုလိုက်တယ် ၊ခင်တွယ်တယ် ၊ သံယောဇဉ်ပေါ့လေ ။ ဘန်းစကား တွေ ခေတ်စားချိန်မှာ သူ ကျွန်မကို ခေါ်တာက “ စတု ၀တေ “တဲ့ ။
.................................
အချိန်ရာသီတွေ တဖြည်းဖြည်းတိုက်စားလို့ အသက်တွေလည်းကြီးရင့်လာခဲ့ပြီလေ ။ ပြောင်းလဲတတ်တဲ့ လောကကြီးရဲ့အောက်မှာ ကျွန်မတို့အားလုံး ပြောင်းလဲမှုတွေကိုယ်စီနဲ့ အသက်ရှင်လို့ရှေ့ဆက်ရမယ့် ဘ၀ခရီးကို အံတုကြရဦးမှာပေါ့ ။
“လ“ ကို “နှစ် “ ကတိုက်စားလာတော့ တစ်ယောက်တစ်နယ်စီ ရောက်နေကြသည်ပေါ့ ။ စိုးသူ ဆိုသူက ကိုယ်ပိုင်စီးပွားရေး တစ်ခုနဲ့ နေသားတကျ ဖြစ်နေချိန်မှာ ကိုထွန်းမြင့်ထွန်း ဆိုသူက ဖခင်ဖြစ်သူဆန်စက်မှာ ၀င်ကူလို့ ၊ကိုအောင်နိုင်စိုးဆိုသူကတော့ ရန်ကုန်မြိဲု့မှာ တက္ကစီမောင်းကာ အသက်မွေးနေကြသည်..တဲ့ ။
တက္ကသိုလ်ကျောင်းသူကြီး ကျွန်မကလည်း စီးပွားရေးမေဂျာနဲ့လုံးထွေးနေရသည်ပဲလေ။ အိမ်နဲ့ခွဲလို့ ရန်ကုန်မြို့မှာ မယောင်မ လည် ဖြစ်နေချိန်မှာပဲ ကိုအောင်နိုင်စိုးဆိုသူနဲ့ မထင်မှတ်ပဲ ပြန်ဆုံခွင့်ရခဲ့တယ် ။ အဲဒီနေ့က စလို့ ကျွန်မကျူရှင်ယူရာ ဗိုလ်အောင်ကျော်လမ်းက “ကျော် ကြီး“ အတန်းချိန်တိုင်းကို ကြိုပို့လုပ်ပေးခဲ့သေးတယ် ။ အချစ်ဆုံးသူငယ်ချင်းရဲ့ ညီမဖြစ်သူ ၊ စားအိမ် သောက်အိမ် ဖြစ်တဲ့ ကျွန်မတို့အိမ်မှာပဲ ကြီးပြင်းခဲ့တဲ့သူဆိုတော့ ကျွန်မ မိသားစုနဲ့ဝေးကွာနေချိန်မှာ စောက်ရှောက်ပေးခဲ့ သူမို့ ကျွန်မရဲ့ အားကိုးရာဟာ သူပါပဲ ။
ရင်းနှီးခဲ့ကြတဲ့ အချိန်တွေ ၊ ကိန်းအောင်းနေခဲ့ကြတဲ့ အဖြူရောင် သံယောဇဉ်တွေ နဲ့ ဖြတ်ကျော်လာခဲ့တဲ့ အတိတ်ရဲ့ ကာလာမဲ့ အရောင်တွေနောက်မှာ အားနာတာတွေ ၊ သူစိမ်းဆန်တာတွေ ၊ လျှို့ဝှက်မှုတွေ ၊ ဟန်ဆောင်ခြင်းတွေ စီးဝင်မနေခဲ့ပါဘူး ။ ပြန်တွေ့တော့လည်း အရင်အတိုင်းပါပဲ ။ ခင်ခင်မင်မင် ၊ ကြင်ကြင်နာနာ အမူအယာ တွေအပြည့်နဲ့။ ကျွန်မတို့တွေ လွပ်လပ်ခဲ့ ကြတယ် ။ ကျွန်မတို့ရဲ့ ရင်းနှီးမှုမှာ အရောင်တွေမပါဘူး ။ နှောင်ကြိုးတွေ မပါဘူး ။ သန့်သန့်ရှင်းရှင်းနဲ့ တကယ်ကို လွပ်လပ် တဲ့ ငှက်တွေလိုပါပဲ ။ ကျွန်မတို့ကြားမှာ အထင်လွဲစရာတွေ မရှိဘူး ။ သူများတွေမြင်ရင်တော့ ဘယ်လိုတွေထင်ကုန်တော့မှာပဲ ဆိုတဲ့ အတွေးတွေ မရှိဘူး ။ ၁၀ နှစ်လောက်ကွာတဲ့ ကျွန်မတို့နှစ်ယောက်က ကစားကွင်းတွေကြားမှာ ခုန်ပေါက်ရင်း တရိစ္ဆာန် ဥယျဉ်ထဲက ကျွန်မချစ်တဲ့ မျောက်တွေနားမှာ ပျော်မြူးရင်း အချိန်တွေ ကုန်လွန်ခဲ့ဘူးတယ်။
အပျိုပေါက်စ ကျွန်မကို ရှက်မှန်းသိလို့ နောက်ခဲ့တာတွေကို ပြန်သတိရနေသေးတယ် ။ ပန်းခြံတွေထဲမှာ အတွဲတွေမြင်တိုင်း မထိတထိ နောက်တတ်လွန်း လို့ ခလုတ်တိုက် လဲမတတ်ဖြစ်တဲ့အထိ ရှက်ခဲ့ဖူးသေးတယ် ။ အတွဲတွေမြင်ရင် ရှက်တတ်တဲ့ ကျွန်မ ကိုသူက
“ ဟိုမှာ ကြည့်စမ်း စတုဝတေ “
“ဘာလဲ ဘာပြတာလဲ..ဘာကိုကြည့်ရမှာလဲ “
“ ကြည့်စမ်းပါ..ဟိုဘက်မှာ ကြည့်လိုက်စမ်း..ဟိုအတွဲတွေဘာတွေလုပ်နေလဲ“ ဆိုပြီး လက်ညှိးထိုးပြတော့
“ဟာ“ ဆိုပြီး ရှက်ရှက်နဲ့လှည့်ပြေးလိုက်တာ လှဲမတတ်ပါပဲ ။ ရင်တောင် မခုန်ဖူးသေးတော့ အဲဒါမျိုးတွေ မြင်ရင် ကြည့်လည်း မကြည့်ရဲသလို ရှက်လည်းရှက်တယ် ။
ဖက်ရှင်ကို စိတ်ဝင်စားတဲ့ ကျွန်မက မေမေ့ကျေးဇူးကြောင့် စက်ချုပ်ပညာကို သင်ကြားခွင့်ရခဲ့တယ် ။ ပထမနှစ်ကျောင်းသူ ဘ၀ကစလို့ သူများနဲ့ မတူအောင် စတိုင်ထွင်လို့ ၀တ်ခဲ့သေးတာကို အမှတ်ရမိတယ် ။ အဆန်းတွေနဲ့ ကျွန်မကို ဂရုစိုက်ခဲ့ တာကလည်း အနီးဆုံးလူ သူပါပဲ ။ စကတ် သုံးလွှာတွေ ခေတ်စားနေချိန်မှာ ကျွန်မက လေးလွှာစကတ်ရအောင် ချုပ်တတ်သလို မဂ္ဂဇင်းထဲက မော်ဒယ်လ်တွေရဲ့ ဒီဇိုင်းတွေကိုလည်း ဖြတ်ညှပ်ကပ် ပေါင်းစပ်လို့ သူများနဲ့ထူးအောင် ထွင်တတ်သူ...။
“ ဒီ အင်္ကျီဇစ် က နဲနဲအပေါ်ဆွဲတင်လို့ မရတော့ဘူးလား“
ဟင့်အင်း မရတော့ဘူး ဒါနောက်ဆုံးပဲ ။
“ ဒီ စကတ်က ဘယ်လိုစတိုင်လဲ “
အဲဒါ ထွင်ထားတာလေ ဘယ်သူမှ မ၀တ်ဖူးသေးဘူး
“ ဒီ ဒီဇိုင်းကရော ထွင်ထားတာပဲလား “
ဟုတ်တယ်လေ ဘယ်ဒီဇိုင်နာမှ မထွင်ဖူးသေးဘူး မဂ္ဂဇင်းတွေထဲက ကြိုက်တာတွေကို ပေါင်းစပ်ထားတာ ။
“ လည်ပင်းက နဲနဲ ဟိုက်နေတယ်“
အော်...ဒီစတိုင်က အဲဒီလိုမှ ကြည့်ကောင်းမှာလေ ။ မဟိုက်ရင် ဘယ်ကြည့်မကောင်းမလဲ ။
စသဖြင့် အသေးစိတ်က အစ လိုက်ကြည့်လို့ ဂရုစိုက်ပေးခဲ့တာ ။
အရိပ်လို အနားမှာ အလိုလိုက်ပေးတဲ့ သူ့ကို ကိုကို့အရှိန်နဲ့ စိုးချင်တိုင်းစိုးလို့ အမြဲအနိုင်ကျင့်ခဲ့တယ် ။ ဒါ့အပြင် ကျောင်း ကိစ္စတွေကြောင့် သူ့တက္ကစီ ကိုချောဆွဲလို့ ဒုက္ခပေးခဲ့ဖူးတာလည်း အကြိမ်ကြိမ်ပါပဲ ။ ဒါတွေကို သူတစ်ခါမှ ညည်းငြူတာ မကြားခဲ့ရဘူး ။ အပြင်ကိုသွားတိုင်း ကျွန်မတို့ရဲ့ ဆုံမှတ်နေရာက “သမိုင်းလမ်းဆုံ“ ပါ။ သမိုင်းလမ်းဆုံက ကြေးအိုးဆိုင်က ကျွန်မတို့ အားပေးနေကျပေါ့ ။ ကျွန်မတို့ရဲ့အမှတ်တရ နေရာလည်း ဖြစ်တယ်လေ ။ သက်ဆိုင်သူတွေ မဟုတ်ကြသလို အပေး အယူလည်း မရှိဘူး ၊ နှောင်တွယ်မှုတွေလည်း မရှိဘူး ။ ပွင့်ပွင့်လင်းလင်းပဲ ကျွန်မတို့ ခင်မင်ပျော်ရွှင်ခဲ့ကြတာပါ။
................................
ကျောင်းပြီးတော့ ကျွန်မတို့တွေ မတွေ့ဖြစ်ကြတော့ဘူး ။ သူလည်း သူ့လမ်းသူလျှောက်လို့ ကျွန်မလည်း သင်တန်းမျိုးစုံကြားမှာ မအားလပ်ပါဘူး ။ ဝေးကွာနေတဲ့ မိသားစုတွေကို လွမ်းဆွတ်ရင်း ဆက်လက်လျှောက်လှမ်းရမယ့် အနာဂတ်အတွက် ကျွန်မအားယူ ရင်း အချိန်တွေကို ကုန်ဆုံးစေခဲ့တယ် ။
တမြေဆီ ဝေးနေကြပေမယ့် ဆက်သွယ်ရေးရဲ့အကျိုးဆက်ကြောင့် ဘယ်သူငယ်ချင်းကတော့ အိမ်ထောင်ကျလို့ ဘယ်သူတွေက တော့ မွဲကုန်ကြပြီ ။ ဘယ်သူ့တွေက ကွယ်လွန်လို့ ဘယ်သူကတော့ဖြင့် ဘယ်ကိုရောက်သွားပြီ....စသဖြင့် အားလုံးသိခဲ့ရတယ်
တစ်ချိန်တည်းမှာပဲ ကိုအောင်နိုင်စိုး အိမ်ထောင်ကျသွားပြီ ဆိုတဲ့ သတင်းကိုကြားခဲ့ရတယ် ။ ဘယ်သူဘယ်ဝါဆိုတာ မသိရပေမယ့် ဘယ်လို ဇနီးမျိုးဖြစ်မလဲဆိုတာကိုတော့ သိချင်နေမိခဲ့တယ် ။ ဘယ်လိုမှ မခံစားခဲ့ရပေမယ့် ဇနီးကောင်းတစ်ယောက်မှ ဟုတ်ရဲ့ လားဆိုတဲ့ အတွေးလေးတော့ ၀င်ခဲ့မိတယ် ။ မင်္ဂလာပွဲကို မချီးမြှင့်ခဲ့ရလို့ စိတ်မကောင်းဖြစ်ခဲ့ရုံက လွဲလို့ အရာတိုင်းဟာ သူ့အ လိုလို ပြီးဆုံးသွားတာပါပဲ ။ တိုက်စားလာတဲ့ သက္ကရာဇ်တွေရဲ့နောက်မှာ လှုပ်ရှားရုန်းကန်းရင်း ကုန်ဆုံးလိုက် ၊ ရရှိလိုက် ၊ သစ်လိုက် ဟောင်းလိုက်နဲ့ ဘ၀ရဲ့ အချိန်တွေဟာ အိုမင်းရင့်ရော်လာတာပါပဲလေ ။
ဘယ်အရာမှ မမြဲတဲ့ လောကကြီးမှာ တစ်ခါတစ်လေလည်း တစ်ယောက်တည်း ၊ တစ်ခါတစ်လေလည်း အဖော်တွေနဲ့ ၊ တစ်ကြိမ် တစ်ခါ ပျော်ရွှင်ခွင့်ရခဲ့ရင် တစ်ကြိမ်တစ်ခါတော့ ငိုကြွေးရမှာပါ ။ ဒီအချီမှာ အောင်နိုင်သူဖြစ်နေပေမယ့် နောင်တစ်ချီမှာ ရှုံးနှိမ့်သူ ဖြစ်သွားနိုင်တာတွေဟာ လောကနိယာမထဲက မှန်ကန်မှုတွေပဲ မဟုတ်လား ။
............................................
ဒီလိုနဲ့ ကျွန်မ တစ်ရက်ထက်တစ်ရက် အိုမင်းရင့်ရော်လာလိုက်တာ ၂၀ ကျော်လို့ ၃၀နားတောင် နီးလာခဲ့ပြီ ။ အတိတ်ဟာ အတိတ်မှာ ကျန်ခဲ့တယ် ဆိုပေမယ့် ရင်ထဲက သံယောဇဉ်တွေ ပျော်ရွှင်မှုတွေဟာ အမြဲတမ်းနွေးထွေးနေတယ်ဆိုတာ ယုံနိုင်စရာ ကောင်းပါ့မလားပဲ ။ ချည်နှောင်မှုတွေ မပါတဲ့ ပျော်ရွှင်မှုမျိုး ၊ အပေးအယူမပါတဲ့ လွပ်လပ်မှုမျိုး ၊ ကလေးဘ၀လို ခုန်ပေါက်ကစား ခဲ့ဖူးတဲ့ ရသမျိုး နောက်တစ်ကြိမ်ပြန်မရနိုင်တော့တာ သေချာမှု တစ်ခုဖြစ်နေခဲ့ပြီလေ ။
အတိတ်ရဲ့ ရပ်ဝန်းလေးကို ဖြတ်သွားမိတိုင်း သူ့ကိုသတိရနေမိတယ် ။ တက္ကစီတွေမြင်တိုင်း တစ်ချိန်က အနိုင်ကျင့်ခဲ့ဖူးတဲ့ စကား ထစ်ထစ်နဲ့ စတုဝတေ လို့ခေါ်ခဲ့ဖူးသူကို သတိရတယ် ။ ကျွန်မကို အမြဲဂရုတစိုက်ဝေဖန်တတ်သူကို သတိရတယ် ။ တစ်ချိန်က စာပြပေးဖူးတဲ့ စိတ်ရှည်တတ်တဲ့ ကိုကို့သူငယ်ချင်းကိုလွမ်းတယ် ။ စတိုင်ပန်နဲ့ ရှပ်အင်္ကျီ အမြဲဝတ်ကာ ဗိုလ်အောင်ကျော်လမ်းက ကျော်ကြီး ကျူရှင်အောက်မှာ တက္ကစီ တစ်စီးနဲ့ စောင့်နေတတ်တဲ့ သူ့ကို သတိရမိနေတယ် ။ ကျွန်မရဲ့ ရင်ထဲမှာ အမြတ်တနိုး
ဖြူစင်စွာ ရှိနေပေးခဲ့တဲ့ သူ့ကို သိပ်ကို သတိရမိနေတယ် ။ အထူးသဖြင့် မဖြူမစင် ချဉ်းကပ်လာသူတွေနဲ့တွေ့ရင် သူ့ကို ပိုလို့ လွမ်းမိပါတယ် ။ အမှတ်တရ ရင်ထဲမှာ ရှိနေခြင်းဟာ စွဲလမ်းခြင်း အနုပညာလား ဒါမှမဟုတ် အဖြူရောင် သံယောဇဉ်တွေရဲ့ အ ဆုံးသတ် နိဂုံးလား ဆိုတာ ကျွန်မ မသိရှိသေးခင်မှာပဲ အဖြေရှာမှုကို ရပ်နားလိုက်ရတယ် ။
ကျွန်မ အတိအကျမသိတဲ့ ရာသီတစ်ခုမှာ ကျွန်မမသိရသေးတဲ့ ရောဂါတစ်ခုနဲ့ ကျွန်မမသိတဲ့ အချိန်မှာပဲ လောကကြီးထဲကနေ ထွက်သွားခဲ့ပြီ..တဲ့။ ကျွန်မ အဖြေမသိတဲ့ ခံစားမှုကို ခံစားနေရတယ် ။ နှမြောတာလား ၊ ငိုချင်တာလား ၊ ဖြေဆည်မရတာလား ဘာမှ ဝေခွဲလို့မရနိုင်ပေမယ့် ကျွန်မရင်ထဲမှာ မကောင်းဘူးဖြစ်နေတယ်။ အဖြူရောင် သံယောဇဉ်တွေရဲ့နောက်က သူတစ်ယောက် ကို ကျွန်မမေ့လို့မရတာ ချစ်ခြင်း ရဲ့ အနုပညာ တစ်ခုလား....။
ချစ်ခြင်းရဲ့ အနုပညာ ကို အဓိပ္ပာယ်ဖွင့်ဆိုလို့ ....ချစ်ခြင်း အနုပညာ ရဲ့ အဖြေဟာ
တစ်ယောက်ကို တစ်ယောက်ဂရုစိုက်ခြင်း
မျော်လင့်ခြင်း မရှိတဲ့ ပေးဆပ်ခြင်း
ပျော်ရွှင်မှုကိုသာ ရှေးရှုခြင်း
တစ်ယောက်ကို တစ်ယောက် ဖေးမခြင်း
ဟန်ဆောင်ခြင်း မရှိတဲ့ ပျော်ရွှင်ခြင်း
အပေးအယူမရှိတဲ့ ချစ်ခြင်းမေတ္တာ ...ဖြစ်မယ်ဆိုရင် ကျွန်မတို့ရဲ့ သံယောဇဉ်ဟာ ချစ်ခြင်းရဲ့အနုပညာ မည်မှာပါ
ခက်ခဲနက်နဲလှတဲ့ ချစ်ခြင်းရဲ့ အနုပညာဟာ လိုက်လို့မမှီနိုင်အောင်ကိုလေးနက်လွန်းလို့ အဓိပ္ပာယ်ဖွင့်ဖို့ရာ မလွယ်လှပါဘူး ။
အဲဒီ နားလည်ရခက်တဲ့ ချစ်ခြင်းအနုပညာထဲမှာ ကျွန်မ စီးဝင်ခဲ့ဖူးတယ် ။ လေးနက်ခဲ့ဖူးတယ် ။ ရင်ထဲမှာ အစိုင်အခဲတစ်ခု အဖြစ် တည်ရှိနေခဲ့တယ် ။ မရှိတော့ပေမယ့် ရှိနေဆဲ ၊သေဆုံးသွားပေမယ့် ရှင်သန်ဆဲ ၊ ပျောက်ဆုံးသွားပေမယ့် သတိရနေဆဲ ၊ ဘယ် လိုပဲဖြစ်ဖြစ် ရင်ထဲက ချစ်ခြင်းရဲ့အနုပညာကတော့ ရှင်သန်ဆဲပါ.....။
( ကောင်းရာ ဘုံဘ၀မှာ အဆင်ပြေချောမွေ့စွာ စံစားရင်း ခံစားနိုင်ပါစေ)

မာနဆူး
Posted by
သမီးပျို

ချစ်သူများနေ့ မတိုင်မီ ဒီတစ်ညမှာပဲ
နှလုံးသားက တစ်စုံတစ်ခု ....
ခပ်ယဲ့ယဲ့လေးခုန်ထွက်သွားတယ်
ငုံ့ကြည့်လိုက်တော့ .....
အချစ်စစ်နဲ့အတူ .....
တဆပ်ဆပ်တုန်နေတဲ့နှလုံးသားနဲ့........
ငိုကြွေးနေတဲ့ မဲ့ပြုံးလေးတစ်ပွင့်.....
ကြွေလွင့်ခဲ့ပြီပေါ့.....
ဆူးရှိလို့တဲ့လား .....
ပန်းလေးမှာလည်း မာနနဲ့ပါ
ပန်ချင်သူတိုင်း မဆွတ်ခူးစေဖို့
ကာရန်ခွင့် မာနဆူးလေးတော့ပေးသင့်တာပေါ့
မာကျောတဲ့တောင်တန်းတွေမှာလည်း
မာကျောတဲ့ မာနနဲ့....
မြင့်မားတဲ့ တိမ်တွေမှာလည်း
မြင့်မားတဲ့ မာနနဲ့ တဲ့....
အဲဒီတော့ ...
ငါ့မှာလည်း မာနဆူးရှိတယ်
ဒါကို အပြစ်လို မြင်တယ်လား
ငါ့ကိုပြောလေ ။....။
ကိုကာကိုလာ ဘယ်ကလာ
Posted by
သမီးပျို

ယနေ့ လူတိုင်းပါးစပ်ဖျားမှာ ရေးပန်းစားနေတဲ့ ကိုကာကိုလာကို လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော်က Georgia ရဲ့မြို့တော်ဖြစ်တဲ့ အတ္တလန္တာမြို့ကနေ တီထွင်ဖော်စပ် နိုင်ခဲ့ကြတာဖြစ်ပါတယ် ။ ကိုကာကိုလာ ဘယ်မြို့က လာတယ် ဆိုတာထက် ဘယ်လိုဖြစ်တည်လာရသလဲဆိုတာက ကျွန်မအတွက် ပိုလို့ စိတ်ဝင်စားစရာပါ ။ ကိုကာကိုလာကို အမေရိက မြောက်ပိုင်း တောင်ပိုင်း ၊ ဥရောပ ၊ အာရှ ၊ အာဖရိက ၊ သြစတြေးယား နဲ့ ဂရင်းလန်း ဆိုတဲ့ အရပ်ဒေသတွေက သန်းပေါင်း ၆၀၀ ထက် မကတဲ့ လူတွေဟာ နေ့စဉ်နဲ့အမျှ ကိုကာကိုလာကို သောက်သုံး နေကြတယ်ဆိုရင် ယုံနိုင်စရာမရှိလောက်အောင် ဈေးကွက်ကိုထိုးဖောက်နိုင်ခဲ့တဲ့ ကိုကာကိုလာ ရဲ့အောင်မြင်မှုဟာ အံ့မခန်းပေါ့ ။
၁၈၈၆ ခုနှစ် မေလ ၈ ရက်နေ့က အတ္တလန္တာမှ ဆေးဝါးဖော်စပ်သူလည်းဖြစ်တဲ့ ဒေါက်တာ John Styth Pemberton က အကိုက်အခဲပျောက်ဆေး တစ်မျိုး စတင်တီထွင်ခဲ့ရာက ကိုကာကိုလာကိုစတင်ဖြစ်ပေါ်စေခဲ့တာပါ ။ ဒေါက်တာဟာ အိုးတစ်အိုးထဲကို ရေအပြည့်ထည့်ပြီး ကိုလာစေ့ ၊ သကြား ၊ကိုကာ နဲ့အခြားဆေးဝါးသုံး ပစ္စည်းအချိုးအစားကို ထည့်သွင်းပေါင်းစပ်ကာ အကိုက်အခဲအားလုံး ကို ပျောက်စေနိုင်တဲ့ ဆေးတစ်မျိုး ဖော်စပ်ခဲ့ပါတယ် ။
အချိုးအစားအားလုံးပေါင်းစပ်ပြီးလို့ အသင့်သောက်သုံးလို့ရပြီဖြစ်တဲ့ အခြေအနေမှာတော့ အရသာ အလွန် ကောင်းတာကို တွေ့ရပါတယ် ။ ကိုကာကိုလာ လို့အမည်ပေးဖို့လည်း ဆုံးဖြတ်ခဲ့ပါတယ်တဲ့ ။ ကိုလာစေ့နဲ့ ကိုကာပေါင်းစပ်ထားလို့ ကိုကာကိုလာ ဖြစ်လာတယ်လို့ ယူဆရမယ်ထင်ပါတယ် ။
ကိုကာကိုလာ ကို အကိုက်အခဲ ပျောက်ဆေးအဖြစ် ဖော်ထုတ် ပြီးတဲ့နောက် ကိုကာကိုလာဟာ လူတိုင်းနဲ့ သင့်တော် တယ်လို့ လည်း ယူဆခဲ့ပါ တယ် ။ ဘာကြောင့်များလဲဆိုရင် ကိုကာကိုလာဟာ အစာကိုကြေစေတယ် ၊မောပန်းနွမ်းနယ်မှုတွေကို ပြေလျှော့စေတယ် ၊ စိတ်ဓါတ်ကိုတက်ကြွစေတယ် ဆိုတဲ့ ကောင်းကျိုး တွေ ကြောင့် ပါပဲတဲ့ ။
မကြာမီ နောက်ပိုင်းမှာတော့ အတ္တလန္တာ ဂျာနယ် ကနေ ကိုကာကိုလာကို ဖော်ထုတ်ဖြန့်ဝေကြေငြာခဲ့ပါတယ် ။ ကိုကာကိုလာကို ကျန်းမာရေးအတွက် အကျိုးပြု ဖျော်ရည်တစ်မျိုးလို ရေနဲ့သောက်သုံးဖို့ကိုလည်း ဖော်ပြခဲ့ပါတယ်။ တစ်နေ့တော့ ကိုကာကိုလာကို ဆိုဒါရေ နဲ့ စားပွဲထိုးတစ်ဦးမှ စတင် ၀န်ဆောင်မှု ပေးခဲ့ ရာကနေ အခုလို ကိုကာကိုလာရဲ့ အမြုန့်ကိုစတင်ဖြစ်ပေါ် လာခဲ့တာပါတဲ့ ။ အဲဒီနောက်ပိုင်း ကိုကာကိုလာဟာ အရမ်းကိုနာမည်ကြီးခဲ့ပါတယ် ။ ကိုကာကိုလာရဲ့ ကုန်သွယ်မှု တံဆိပ်ကတော့ “Cs “ ပါ ။ ၁၉၁၆ ခုနှစ်မှာတော့ ယနေ့ကျွန်မတို့မြင်နေကြရတဲ့ ကိုကာကိုကာ ဒီဇိုင်းကို စတင်ရေးဆွဲ အတည်ပြုခဲ့ကြပါတယ်တဲ့။
ဒါဆို အတ္တလန္တာ ကို ကိုကာကိုလာမြို့တော် လို့ခေါ်ရင် မမှားဘူးပေါ့နော်.....။
စိတ်မကောင်းစရာ တစ်ခုကတော့ ကိုကာကိုလာ ရဲ့ ဖခင်လို့ခေါ်ထိုက်တဲ့ ဒေါက်တာ ဂျွန် ဟာ နောင် ၂နှစ်အကြာမှာ တိမ်းပါး သွားခဲ့ပါတယ် ။ သူ့ရဲ့ အောင်မြင်မှုအရသာ ကို ကြာရှည် ခံစားခွင့် မရသွားခဲ့ရတဲ့ အတွက် စိတ်မကောင်းဖြစ်ရရုံကလွဲလို့ ဘာမှ မတတ် နိုင်ခဲ့ကြဘူး မဟုတ်လား ။
..................................
ကိုကာကိုလာ ဖြစ်ပေါ်လာခြင်းရဲ့ အကျဉ်းချုပ်ပါ ။ အကျယ်တ၀င့် စိတ်ဝင်စားတယ်ဆိုရင် google မှာ စုံစုံလင်လင်ဖော်ပြပေး ထားပါတယ် ။ ကျွန်မ အနေနဲ့ ကိုကာကိုလာ ဘယ်လိုဖြစ်လာသလဲ ဆိုတာကိုပဲ ဖော်ပြပေးချင်တဲ့အတွက် ဒီလောက်နဲ့ပဲ လုံလောက်မယ် ထင်ပါတယ် ။
ကြိုးစားပါဦးမည်
သမီးပျို
ချစ်သူ.....သို့
Posted by
သမီးပျို

အရင်လို မတောက်ပတော့တဲ့ချစ်သူရဲ့ဝမ်းနည်းမှုအပြည့်နဲ့ မျက်ဝန်းအစုံကိုမြင်လိုက်ရတဲ့နောက် ရင်ထဲမှာနင့်တင့်တင့်ခံစားလိုက်ရတယ် ။ ချစ်ခဲ့ကြတဲ့အချိန်တွေက ဆယ်စုနှစ်တွေလောက် မကြာခဲ့ကြပေမယ့် ဖြတ်လို့မရတဲ့ချည်နှောင်မှုသံယောဇဉ် နဲ့ အနှိုင်းမရှိတဲ့ အချစ်တွေ ပိုင်ဆိုင်ခဲ့ကြတယ်နော် ။ ဟိုး...အတိတ်ရဲ့ အရိပ်တွေကို ပြန်တွေးမိတိုင်း ကြည်နူးပျော်ရွှင်ခဲ့ရသလို အမှတ်တရတွေရှိနေ တဲ့ အတိတ်ရဲ့ရပ်ဝန်းတစ်နေရာကို ဖြတ်သွားတိုင်းလည်း လွမ်းဆွေးနေရသလို ၀မ်းနည်းလို့ မျက်ရည်ဝိုင်းရသေးတယ် ။ ချစ်ခဲ့ကြတာ မုန်းကြဖို့မှ မဟုတ်ပဲနော် ။ ဘယ်တော့မှမေ့လို့မရနိုင်ပေမယ့် အနားမှာလည်းရှိမနေပြန်ပါဘူး ။
ညှိုးရော်နေတဲ့ မျက်ဝန်းအစုံနဲ့ ကြည့်လိုက်တဲ့ မင်းမျက်ဝန်းက ဘာသာစကားတွေကို ငါဘာသာပြန်နိုင်ခဲ့ပါတယ် ချစ်သူရယ်...။ စကားဆိုဖို့ အင်အားမရှိနိုင်တော့အောင် မင်းကိုခံစားစေခဲ့ပြီပဲ ။ တမင်မရည်ရွယ်ခဲ့ပေမယ့် မင်းကိုရက်စက်သလိုဖြစ်ခဲ့မှုတွေအတွက် အဝေးကပဲ အသံတိတ် တောင်းပန်လိုက်ပါတော့မယ် ။ ချစ်ခဲ့ကြတဲ့ နှလုံးသား အချင်းချင်း နားလည်ရင် မင်းကြားနိုင်မှာပါ ။
အချစ်ဆိုတာ ဘ၀ မဟုတ်ဘူး တဲ့ ...ငါကြားဖူးတယ် ။ အဲဒါကို ငါလက်ခံလိုက်ရတော့မယ် ။ ငါ့ရင်ဘတ်ထဲက အချစ်တွေက မင်းအတွက်ဖြစ်ခဲ့ဖူးတယ် ။ အဆုံးစွန်လည်း ချစ်ခဲ့တယ် ။ ငါတို့တွေ ပျော်ခဲ့ကြတယ်နော် ။ ဖြတ်သန်းလာခဲ့ကြတဲ့ အချိန်တွေက ခက်ခဲကြမ်းတမ်းခဲ့ကြသလို ရယ်စရာတွေ ပျော်စရာတွေ စွန့်စားမှုတွေနဲ့ အရာရာကိုငါတို့နှစ်ယောက် ရင်ဆိုင်ခဲ့ကြတာတွေကို ပြန်တွေးမိတော့ အတိတ်ရဲ့အရိပ်တွေကို ပြန်လိုချင်နေမိတယ် ။
အမုန်းစကား တခွန်းမှ မဆိုရပါပဲ ခွဲခွာကြရမယ့် ငါတို့နှစ်ယောက်အတွက် အခွင့်အရေးတစ်စုံတစ်ရာများ ရှိခဲ့ရင် နောင်ဘ၀ဆိုတာ ကိုတော့ မရဲတရဲနဲ့ ဆုတောင်းလိုက်ချင်မိတယ် ။ အရာရာကိုခွင့်လွှတ်တတ်တယ် ဆိုးသမျှကိုလည်း မငြိုငြင်ခဲ့တဲ့ မင်းရဲ့အချစ်တွေ ကိုငါ့နှလုံးသား ပြတိုက်မှာ ထိန်းသိမ်းထားမယ်ဆိုတာ မင်းကိုသိစေချင်လိုက်တာ ။
အမှတ်တရတွေကို ဘယ်တော့မှ မမေ့ကြေးနော် ချစ်သူ...။ မင်းကိုချစ်ခဲ့မိတာ ဘယ်တော့မှနောင်တ ရမနေဘူးဆိုတာ မင်းသိနေပါ ။ငါတို့အတွဲဟာ သိပ်ကိုလိုက်ဖက်ခဲ့တယ်နော် ။ လိုက်ဖက်ညီတဲ့ ချစ်သူတွေဖြစ်တဲ့အပြင် ငါတို့ရဲ့မျက်နှာသွင်ပြင်က ဆင်တူရိုးမှားနဲ့ ရုပ်ချင်းဆင်တယ်တဲ့ တွေ့တဲ့လူတိုင်းက ပြောကြတယ်နော် ။ ပါးချိုင့်လေးနဲ့ ပြုံးနေကြတဲ့ ငါတို့ရဲ့ ပထမဦးဆုံး ဓါတ်ပုံလေးက သက်သေပေါ့ ။
အတိတ်ရဲ့ခြေရာတွေကို ပြန်ကောက်ဖို့ ကြိုးစားနေမိပေမယ့် မဖြစ်နိုင်မှန်းလည်း ကိုယ်တိုင်သိနေတယ် ။ အရာရာကိုနောက်ပြန် ဆုတ်လို့ရမယ် ဆိုရင်လေ ငါမင်းကိုလုံးဝ ချစ်ခဲ့မိမှာ မဟုတ်ဘူး ။ ဆုံမှတ်မရှိတော့တဲ့ မျဉ်းပြိုင်နှစ်ကြောင်းကို ဆက်လျှောက်ရမယ့် ငါတို့ရဲ့အနာဂတ်တွေအတွက်တော့ ငါဝမ်းနည်းနေဦးမှာပါ ။
သားကောင်းတစ်ယောက်ဖြစ်တဲ့မင်းက ချစ်သူကောင်းတစ်ယောက်လည်း ဖြစ်နေပြန်သေးတယ် ။ မယုံနိုင်စရာကောင်းလောက် အောင် မင်းရဲ့အချစ်တွေက သက်သေပြခဲ့ပြီလေ ။ ငါ့ဘက်ကိုနားလည်ပေးနိုင်ခဲ့တာကိုက မင်းရဲ့အတ္တမဆန်တဲ့ ချစ်ခြင်းသက်သေ မိုင်တိုင်တစ်ခုလေ ။ မင်းဟာငါ့အတွက် ဂန္တ၀င်ချစ်သူပေါ့.... ။
ငါမင်းကိုနောက်ဆုံးစကားတစ်ခွန်းပဲပြောချင်တော့တယ် ။ အဲဒါကတော့ “သိပ်ချစ်တာပဲ ချစ်သူရယ်....“ တဲ့လေ ။ မင်းကြားနိုင်ပါစေကွာ......။
ငါ့နှလုံးသားထဲမှာတော့ ဂျူလိုင်မိုးနဲ့အတူ သဲသဲမဲမဲရွာသွန်းလို့ မင်းကို တမ်းတနေဦးမှာပါ ။
အနမ်းတွေအစား အလွမ်းတွေ အစားထိုးလိုက်ရပေမယ့် ...မင်းရဲ့လှပတဲ့မနက်ဖြန်တိုင်းမှာ အရာရာ အဆင်ပြေနိုင်ပါစေ ချစ်သူရေ......။
Subscribe to:
Posts (Atom)