“ သံယောဇဉ်ကြိုးတစ်စရဲ့ အနုပညာဟာ နက်ရှိုင်းခြင်း ဖြစ်နေခဲ့ပါလျှင်...မိမိ၏စိတ်အား မမေ့မပျောက် စိုးမိုးနိုင်ခြင်း ဆိုတဲ့ အနုပညာကရော ချစ်ခြင်းတစ်ခု မည်ပါရဲ့လား....“
တွေ့ဆုံခြင်းတွေမှာ ရင်းနှီးမှုတွေ ရောပါနေတယ်
ရင်းနှီးမှုတွေရဲ့ နောက်မှာ ခင်မင်မှုအတိုင်းအတာတွေ အပြည့်အသိပ် နေရာယူလို့...
အဲဒါတွေရဲ့နောက်ကတော့ ကြည်နူးမှုတွေ ၊ တွယ်တာခြင်းတွေ......
ရင်ခုန်ခြင်းတွေ မဟုတ်ရပါပဲနဲ့ ပျော်ရွင်မှုတွေ စီးဝင်နေရခြင်းဟာ.....ကာရန်မကိုက်တဲ့ သံစဉ်တစ်ပုဒ်ကို ဆိုငြီးနေရသလိုပါပဲ
စိတ္တဇဆန်လိုက်တာ
သက်ဆိုင်သူမဟုတ်ရပါပဲ မေ့ပျောက်မရနိုင်ခြင်းတွေကရော ချစ်ခြင်း အနုပညာရဲ့ တစိတ်တဒေသများလား..
............................
ပွင့်လင်းရာသီတစ်ခုရဲ့ နွေဦးနံနက်ခင်း တစ်ခုဟာ ကျွန်မဘ၀အတွက် တွယ်တာမှု အနုပညာ တွေကာရံထားတဲ့ မှော်ဝင်ခန်း အစ တွေမှန်း တကယ်ပဲ သတိမထားမိခဲ့ဘူး ။ မူလတန်းနောက်ဆုံးနှစ်ကျောင်းသူဘ၀မှာ တွေ့ဆုံခွင့်ရတဲ့ကြတဲ့ တစ်ဦးတည်းသော အကိုဖြစ်သူရဲ့ ချစ်သူငယ်ချင်းတွေ....
အသားဖြူဖြူ ရုပ်ဖြောင့်ဖြောင့်နဲ့သူကတော့ “ဖြိုးဝေစိုး“ လို့အမည်ရတယ် ။ နာမည်ပြောင်ကတော့ “စိုးသူ“ တဲ့ ။ ၈၀ ရာခိုင်နှုန်းစိုးသူနဲ့ ခပ်ဆင်ဆင်မို့ သူ့ကို “စိုးသူ“လို့ပဲခေါ်ခဲ့ကြတယ် ။
နောက်တစ်ယောက်ကတော့ အရပ်ပုပု အသာညိုညိုနဲ့ ဆန်စက်ပိုင်ရှင်ရဲ့သားဖြစ်သူကတော့ “ထွန်းမြင့်ထွန်း“ဆိုသူပေါ့ ။ သူ့ရဲ့အကျင့်ကတော့ ရေခဲချောင်းတွေ တပုံတပင်ဝယ်ကာ ပန်းကန်လုံး တစ်လုံးထဲထည့်လို့ ဇွန်းကြီးကြီးနဲ့ အားရပါးရ စားတတ်သူ ။
နောက်ဆုံးတစ်ယောက်ကတော့ အရပ်ရှည်ရှည် အသားခပ်လတ်လတ် နဲ့ စကားထစ်တတ်သူ “အောင်နိုင်စိုး“ ဆိုသူပါ ။ နယ်က တဆင့်ကျောင်းတက်ရသူမို့ ကိုကို့နဲ့ပိုလို့အနေနီးသူပေါ့ ။ စကား ပြောရင် ထစ်ထစ် ထစ်ထစ် နဲ့မို့..သူစကားပြောရင် လိုရင်းရောက်ဖို့ အချိန်ယူရတယ် ။ ဒီကြားထဲ ခင်မင်သူတွေရဲ့ အစအနောက် ကိုပါခံရသေးတယ် ။ သူ့ကို စရင်းနောက်ရင်းနဲ့ပဲ နောက်ဆုံးတော့ အားလုံး စကားထစ်ကုန်တဲ့အထိ ဖြစ်အောင်ကို နောက်တတ်ကြတယ် ။
သူတို့တွေကတော့ အကိုဖြစ်သူရဲ့ အချစ်ဆုံးသူငယ်ချင်းတွေပေါ့ ။ အလယ်တန်းကျောင်းသားကြီးတွေ ဆိုပါတော့ ။ ကျွန်မတို့နေ ရပ်ဟာ အထက်တန်းကျောင်းတော်ကြီးရဲ့ ရှေ့တည့်တည့်မှာ ဖြစ်နေလေတော့ အားလုံးရဲ့စုရပ်ဟာ ကျွန်မတို့အိမ်ကလွဲလို့ အခြား မရှိပေါ့ ။
မူလတန်းနောက်ဆုံးနှစ်ကျောင်းသူကြီး ကျွန်မက ပဲမများတတ်သလို အလယ်တန်းကျောင်းသားတွေဖြစ်တဲ့ ကိုကိုနှင့်ချစ်သူငယ်ချင်း များကလည်း ချစ်သူမထားတတ်ကြတော့ အရာရာဟာ ရေတစ်စက်လို သန့်ရှင်းစင်ကြယ်လို့ အပစ်ကင်းကင်း လတစ်စင်းလိုပါပဲ ။
ဖြတ်သန်းလာခဲ့ကြတဲ့ နေ့ရက်တွေက သမရိုးကျ ဆန်သလို ၊ နှောင်ဖွဲ့ခဲ့ကြတဲ့ သံယောဇဉ်တွေကလည်း ချည်နှောင်ရစ်ပတ် ဖြူ စင် သင်းသန့်လို့....။
စနေသားကိုကိုက စိတ်မရှည်တတ်သလို ၊ လုံးထွေးရစ်ပတ်မရှိလှတဲ့ ကျွန်မတို့မောင်နှမရဲ့ ရင်းနှီးမှုက တစိမ်းမဆန်ရုံတမယ်ပါပဲ ။ ကိုကို နဲ့ကျွန်မက ၈နှစ်ကွာတာမို့ဖုတ်လေတဲ့ ငါးပိရှိတယ်တောင် မထင်ခဲ့ပါဘူး ။ စိတ်ကြီးတဲ့ ကိုကို့ကို စာလည်းမမေးရဲခဲ့ပါဘူး။ သချာင်္တွေ အခက်တွေ့တိုင်း ဖြေရှင်းသင်ပြပေးခဲ့တာက စိတ်မရှည်မှုတွေနဲ့ဆိုတော့ ရေငုံနှုတ်ပိတ် ဆိတ်ဆိတ်နေခဲ့ရတယ် ။ ကျွန် မရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးသူက ကိုကို့ရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ “ကိုအောင်နိုင်စိုး“ ပါ။
ကိုကို ကျွန်မကို ဆူတိုင်း ပြန်လည်ရန်ထောင်သူကလည်း “ကိုအောင်နိုင်စိုး“ ပါပဲ ။
“ မင်းကွာ...ကလေးကို မဆူပါနဲ့..နားမလည်ရင် သေချာရှင်းပြပေးမှပေါ့ကွ “ လို့အမြဲအလိုလိုက်ခဲ့သူပါ ။ သူ့မှာ ခင်တွယ်စ ရာ ညီမ မရှိတော့ ကျွန်မကို သူ့ညီမလိုပါပဲ ။ အလိုလိုက်တယ် ၊ခင်တွယ်တယ် ၊ သံယောဇဉ်ပေါ့လေ ။ ဘန်းစကား တွေ ခေတ်စားချိန်မှာ သူ ကျွန်မကို ခေါ်တာက “ စတု ၀တေ “တဲ့ ။
.................................
အချိန်ရာသီတွေ တဖြည်းဖြည်းတိုက်စားလို့ အသက်တွေလည်းကြီးရင့်လာခဲ့ပြီလေ ။ ပြောင်းလဲတတ်တဲ့ လောကကြီးရဲ့အောက်မှာ ကျွန်မတို့အားလုံး ပြောင်းလဲမှုတွေကိုယ်စီနဲ့ အသက်ရှင်လို့ရှေ့ဆက်ရမယ့် ဘ၀ခရီးကို အံတုကြရဦးမှာပေါ့ ။
“လ“ ကို “နှစ် “ ကတိုက်စားလာတော့ တစ်ယောက်တစ်နယ်စီ ရောက်နေကြသည်ပေါ့ ။ စိုးသူ ဆိုသူက ကိုယ်ပိုင်စီးပွားရေး တစ်ခုနဲ့ နေသားတကျ ဖြစ်နေချိန်မှာ ကိုထွန်းမြင့်ထွန်း ဆိုသူက ဖခင်ဖြစ်သူဆန်စက်မှာ ၀င်ကူလို့ ၊ကိုအောင်နိုင်စိုးဆိုသူကတော့ ရန်ကုန်မြိဲု့မှာ တက္ကစီမောင်းကာ အသက်မွေးနေကြသည်..တဲ့ ။
တက္ကသိုလ်ကျောင်းသူကြီး ကျွန်မကလည်း စီးပွားရေးမေဂျာနဲ့လုံးထွေးနေရသည်ပဲလေ။ အိမ်နဲ့ခွဲလို့ ရန်ကုန်မြို့မှာ မယောင်မ လည် ဖြစ်နေချိန်မှာပဲ ကိုအောင်နိုင်စိုးဆိုသူနဲ့ မထင်မှတ်ပဲ ပြန်ဆုံခွင့်ရခဲ့တယ် ။ အဲဒီနေ့က စလို့ ကျွန်မကျူရှင်ယူရာ ဗိုလ်အောင်ကျော်လမ်းက “ကျော် ကြီး“ အတန်းချိန်တိုင်းကို ကြိုပို့လုပ်ပေးခဲ့သေးတယ် ။ အချစ်ဆုံးသူငယ်ချင်းရဲ့ ညီမဖြစ်သူ ၊ စားအိမ် သောက်အိမ် ဖြစ်တဲ့ ကျွန်မတို့အိမ်မှာပဲ ကြီးပြင်းခဲ့တဲ့သူဆိုတော့ ကျွန်မ မိသားစုနဲ့ဝေးကွာနေချိန်မှာ စောက်ရှောက်ပေးခဲ့ သူမို့ ကျွန်မရဲ့ အားကိုးရာဟာ သူပါပဲ ။
ရင်းနှီးခဲ့ကြတဲ့ အချိန်တွေ ၊ ကိန်းအောင်းနေခဲ့ကြတဲ့ အဖြူရောင် သံယောဇဉ်တွေ နဲ့ ဖြတ်ကျော်လာခဲ့တဲ့ အတိတ်ရဲ့ ကာလာမဲ့ အရောင်တွေနောက်မှာ အားနာတာတွေ ၊ သူစိမ်းဆန်တာတွေ ၊ လျှို့ဝှက်မှုတွေ ၊ ဟန်ဆောင်ခြင်းတွေ စီးဝင်မနေခဲ့ပါဘူး ။ ပြန်တွေ့တော့လည်း အရင်အတိုင်းပါပဲ ။ ခင်ခင်မင်မင် ၊ ကြင်ကြင်နာနာ အမူအယာ တွေအပြည့်နဲ့။ ကျွန်မတို့တွေ လွပ်လပ်ခဲ့ ကြတယ် ။ ကျွန်မတို့ရဲ့ ရင်းနှီးမှုမှာ အရောင်တွေမပါဘူး ။ နှောင်ကြိုးတွေ မပါဘူး ။ သန့်သန့်ရှင်းရှင်းနဲ့ တကယ်ကို လွပ်လပ် တဲ့ ငှက်တွေလိုပါပဲ ။ ကျွန်မတို့ကြားမှာ အထင်လွဲစရာတွေ မရှိဘူး ။ သူများတွေမြင်ရင်တော့ ဘယ်လိုတွေထင်ကုန်တော့မှာပဲ ဆိုတဲ့ အတွေးတွေ မရှိဘူး ။ ၁၀ နှစ်လောက်ကွာတဲ့ ကျွန်မတို့နှစ်ယောက်က ကစားကွင်းတွေကြားမှာ ခုန်ပေါက်ရင်း တရိစ္ဆာန် ဥယျဉ်ထဲက ကျွန်မချစ်တဲ့ မျောက်တွေနားမှာ ပျော်မြူးရင်း အချိန်တွေ ကုန်လွန်ခဲ့ဘူးတယ်။
အပျိုပေါက်စ ကျွန်မကို ရှက်မှန်းသိလို့ နောက်ခဲ့တာတွေကို ပြန်သတိရနေသေးတယ် ။ ပန်းခြံတွေထဲမှာ အတွဲတွေမြင်တိုင်း မထိတထိ နောက်တတ်လွန်း လို့ ခလုတ်တိုက် လဲမတတ်ဖြစ်တဲ့အထိ ရှက်ခဲ့ဖူးသေးတယ် ။ အတွဲတွေမြင်ရင် ရှက်တတ်တဲ့ ကျွန်မ ကိုသူက
“ ဟိုမှာ ကြည့်စမ်း စတုဝတေ “
“ဘာလဲ ဘာပြတာလဲ..ဘာကိုကြည့်ရမှာလဲ “
“ ကြည့်စမ်းပါ..ဟိုဘက်မှာ ကြည့်လိုက်စမ်း..ဟိုအတွဲတွေဘာတွေလုပ်နေလဲ“ ဆိုပြီး လက်ညှိးထိုးပြတော့
“ဟာ“ ဆိုပြီး ရှက်ရှက်နဲ့လှည့်ပြေးလိုက်တာ လှဲမတတ်ပါပဲ ။ ရင်တောင် မခုန်ဖူးသေးတော့ အဲဒါမျိုးတွေ မြင်ရင် ကြည့်လည်း မကြည့်ရဲသလို ရှက်လည်းရှက်တယ် ။
ဖက်ရှင်ကို စိတ်ဝင်စားတဲ့ ကျွန်မက မေမေ့ကျေးဇူးကြောင့် စက်ချုပ်ပညာကို သင်ကြားခွင့်ရခဲ့တယ် ။ ပထမနှစ်ကျောင်းသူ ဘ၀ကစလို့ သူများနဲ့ မတူအောင် စတိုင်ထွင်လို့ ၀တ်ခဲ့သေးတာကို အမှတ်ရမိတယ် ။ အဆန်းတွေနဲ့ ကျွန်မကို ဂရုစိုက်ခဲ့ တာကလည်း အနီးဆုံးလူ သူပါပဲ ။ စကတ် သုံးလွှာတွေ ခေတ်စားနေချိန်မှာ ကျွန်မက လေးလွှာစကတ်ရအောင် ချုပ်တတ်သလို မဂ္ဂဇင်းထဲက မော်ဒယ်လ်တွေရဲ့ ဒီဇိုင်းတွေကိုလည်း ဖြတ်ညှပ်ကပ် ပေါင်းစပ်လို့ သူများနဲ့ထူးအောင် ထွင်တတ်သူ...။
“ ဒီ အင်္ကျီဇစ် က နဲနဲအပေါ်ဆွဲတင်လို့ မရတော့ဘူးလား“
ဟင့်အင်း မရတော့ဘူး ဒါနောက်ဆုံးပဲ ။
“ ဒီ စကတ်က ဘယ်လိုစတိုင်လဲ “
အဲဒါ ထွင်ထားတာလေ ဘယ်သူမှ မ၀တ်ဖူးသေးဘူး
“ ဒီ ဒီဇိုင်းကရော ထွင်ထားတာပဲလား “
ဟုတ်တယ်လေ ဘယ်ဒီဇိုင်နာမှ မထွင်ဖူးသေးဘူး မဂ္ဂဇင်းတွေထဲက ကြိုက်တာတွေကို ပေါင်းစပ်ထားတာ ။
“ လည်ပင်းက နဲနဲ ဟိုက်နေတယ်“
အော်...ဒီစတိုင်က အဲဒီလိုမှ ကြည့်ကောင်းမှာလေ ။ မဟိုက်ရင် ဘယ်ကြည့်မကောင်းမလဲ ။
စသဖြင့် အသေးစိတ်က အစ လိုက်ကြည့်လို့ ဂရုစိုက်ပေးခဲ့တာ ။
အရိပ်လို အနားမှာ အလိုလိုက်ပေးတဲ့ သူ့ကို ကိုကို့အရှိန်နဲ့ စိုးချင်တိုင်းစိုးလို့ အမြဲအနိုင်ကျင့်ခဲ့တယ် ။ ဒါ့အပြင် ကျောင်း ကိစ္စတွေကြောင့် သူ့တက္ကစီ ကိုချောဆွဲလို့ ဒုက္ခပေးခဲ့ဖူးတာလည်း အကြိမ်ကြိမ်ပါပဲ ။ ဒါတွေကို သူတစ်ခါမှ ညည်းငြူတာ မကြားခဲ့ရဘူး ။ အပြင်ကိုသွားတိုင်း ကျွန်မတို့ရဲ့ ဆုံမှတ်နေရာက “သမိုင်းလမ်းဆုံ“ ပါ။ သမိုင်းလမ်းဆုံက ကြေးအိုးဆိုင်က ကျွန်မတို့ အားပေးနေကျပေါ့ ။ ကျွန်မတို့ရဲ့အမှတ်တရ နေရာလည်း ဖြစ်တယ်လေ ။ သက်ဆိုင်သူတွေ မဟုတ်ကြသလို အပေး အယူလည်း မရှိဘူး ၊ နှောင်တွယ်မှုတွေလည်း မရှိဘူး ။ ပွင့်ပွင့်လင်းလင်းပဲ ကျွန်မတို့ ခင်မင်ပျော်ရွှင်ခဲ့ကြတာပါ။
................................
ကျောင်းပြီးတော့ ကျွန်မတို့တွေ မတွေ့ဖြစ်ကြတော့ဘူး ။ သူလည်း သူ့လမ်းသူလျှောက်လို့ ကျွန်မလည်း သင်တန်းမျိုးစုံကြားမှာ မအားလပ်ပါဘူး ။ ဝေးကွာနေတဲ့ မိသားစုတွေကို လွမ်းဆွတ်ရင်း ဆက်လက်လျှောက်လှမ်းရမယ့် အနာဂတ်အတွက် ကျွန်မအားယူ ရင်း အချိန်တွေကို ကုန်ဆုံးစေခဲ့တယ် ။
တမြေဆီ ဝေးနေကြပေမယ့် ဆက်သွယ်ရေးရဲ့အကျိုးဆက်ကြောင့် ဘယ်သူငယ်ချင်းကတော့ အိမ်ထောင်ကျလို့ ဘယ်သူတွေက တော့ မွဲကုန်ကြပြီ ။ ဘယ်သူ့တွေက ကွယ်လွန်လို့ ဘယ်သူကတော့ဖြင့် ဘယ်ကိုရောက်သွားပြီ....စသဖြင့် အားလုံးသိခဲ့ရတယ်
တစ်ချိန်တည်းမှာပဲ ကိုအောင်နိုင်စိုး အိမ်ထောင်ကျသွားပြီ ဆိုတဲ့ သတင်းကိုကြားခဲ့ရတယ် ။ ဘယ်သူဘယ်ဝါဆိုတာ မသိရပေမယ့် ဘယ်လို ဇနီးမျိုးဖြစ်မလဲဆိုတာကိုတော့ သိချင်နေမိခဲ့တယ် ။ ဘယ်လိုမှ မခံစားခဲ့ရပေမယ့် ဇနီးကောင်းတစ်ယောက်မှ ဟုတ်ရဲ့ လားဆိုတဲ့ အတွေးလေးတော့ ၀င်ခဲ့မိတယ် ။ မင်္ဂလာပွဲကို မချီးမြှင့်ခဲ့ရလို့ စိတ်မကောင်းဖြစ်ခဲ့ရုံက လွဲလို့ အရာတိုင်းဟာ သူ့အ လိုလို ပြီးဆုံးသွားတာပါပဲ ။ တိုက်စားလာတဲ့ သက္ကရာဇ်တွေရဲ့နောက်မှာ လှုပ်ရှားရုန်းကန်းရင်း ကုန်ဆုံးလိုက် ၊ ရရှိလိုက် ၊ သစ်လိုက် ဟောင်းလိုက်နဲ့ ဘ၀ရဲ့ အချိန်တွေဟာ အိုမင်းရင့်ရော်လာတာပါပဲလေ ။
ဘယ်အရာမှ မမြဲတဲ့ လောကကြီးမှာ တစ်ခါတစ်လေလည်း တစ်ယောက်တည်း ၊ တစ်ခါတစ်လေလည်း အဖော်တွေနဲ့ ၊ တစ်ကြိမ် တစ်ခါ ပျော်ရွှင်ခွင့်ရခဲ့ရင် တစ်ကြိမ်တစ်ခါတော့ ငိုကြွေးရမှာပါ ။ ဒီအချီမှာ အောင်နိုင်သူဖြစ်နေပေမယ့် နောင်တစ်ချီမှာ ရှုံးနှိမ့်သူ ဖြစ်သွားနိုင်တာတွေဟာ လောကနိယာမထဲက မှန်ကန်မှုတွေပဲ မဟုတ်လား ။
............................................
ဒီလိုနဲ့ ကျွန်မ တစ်ရက်ထက်တစ်ရက် အိုမင်းရင့်ရော်လာလိုက်တာ ၂၀ ကျော်လို့ ၃၀နားတောင် နီးလာခဲ့ပြီ ။ အတိတ်ဟာ အတိတ်မှာ ကျန်ခဲ့တယ် ဆိုပေမယ့် ရင်ထဲက သံယောဇဉ်တွေ ပျော်ရွှင်မှုတွေဟာ အမြဲတမ်းနွေးထွေးနေတယ်ဆိုတာ ယုံနိုင်စရာ ကောင်းပါ့မလားပဲ ။ ချည်နှောင်မှုတွေ မပါတဲ့ ပျော်ရွှင်မှုမျိုး ၊ အပေးအယူမပါတဲ့ လွပ်လပ်မှုမျိုး ၊ ကလေးဘ၀လို ခုန်ပေါက်ကစား ခဲ့ဖူးတဲ့ ရသမျိုး နောက်တစ်ကြိမ်ပြန်မရနိုင်တော့တာ သေချာမှု တစ်ခုဖြစ်နေခဲ့ပြီလေ ။
အတိတ်ရဲ့ ရပ်ဝန်းလေးကို ဖြတ်သွားမိတိုင်း သူ့ကိုသတိရနေမိတယ် ။ တက္ကစီတွေမြင်တိုင်း တစ်ချိန်က အနိုင်ကျင့်ခဲ့ဖူးတဲ့ စကား ထစ်ထစ်နဲ့ စတုဝတေ လို့ခေါ်ခဲ့ဖူးသူကို သတိရတယ် ။ ကျွန်မကို အမြဲဂရုတစိုက်ဝေဖန်တတ်သူကို သတိရတယ် ။ တစ်ချိန်က စာပြပေးဖူးတဲ့ စိတ်ရှည်တတ်တဲ့ ကိုကို့သူငယ်ချင်းကိုလွမ်းတယ် ။ စတိုင်ပန်နဲ့ ရှပ်အင်္ကျီ အမြဲဝတ်ကာ ဗိုလ်အောင်ကျော်လမ်းက ကျော်ကြီး ကျူရှင်အောက်မှာ တက္ကစီ တစ်စီးနဲ့ စောင့်နေတတ်တဲ့ သူ့ကို သတိရမိနေတယ် ။ ကျွန်မရဲ့ ရင်ထဲမှာ အမြတ်တနိုး
ဖြူစင်စွာ ရှိနေပေးခဲ့တဲ့ သူ့ကို သိပ်ကို သတိရမိနေတယ် ။ အထူးသဖြင့် မဖြူမစင် ချဉ်းကပ်လာသူတွေနဲ့တွေ့ရင် သူ့ကို ပိုလို့ လွမ်းမိပါတယ် ။ အမှတ်တရ ရင်ထဲမှာ ရှိနေခြင်းဟာ စွဲလမ်းခြင်း အနုပညာလား ဒါမှမဟုတ် အဖြူရောင် သံယောဇဉ်တွေရဲ့ အ ဆုံးသတ် နိဂုံးလား ဆိုတာ ကျွန်မ မသိရှိသေးခင်မှာပဲ အဖြေရှာမှုကို ရပ်နားလိုက်ရတယ် ။
ကျွန်မ အတိအကျမသိတဲ့ ရာသီတစ်ခုမှာ ကျွန်မမသိရသေးတဲ့ ရောဂါတစ်ခုနဲ့ ကျွန်မမသိတဲ့ အချိန်မှာပဲ လောကကြီးထဲကနေ ထွက်သွားခဲ့ပြီ..တဲ့။ ကျွန်မ အဖြေမသိတဲ့ ခံစားမှုကို ခံစားနေရတယ် ။ နှမြောတာလား ၊ ငိုချင်တာလား ၊ ဖြေဆည်မရတာလား ဘာမှ ဝေခွဲလို့မရနိုင်ပေမယ့် ကျွန်မရင်ထဲမှာ မကောင်းဘူးဖြစ်နေတယ်။ အဖြူရောင် သံယောဇဉ်တွေရဲ့နောက်က သူတစ်ယောက် ကို ကျွန်မမေ့လို့မရတာ ချစ်ခြင်း ရဲ့ အနုပညာ တစ်ခုလား....။
ချစ်ခြင်းရဲ့ အနုပညာ ကို အဓိပ္ပာယ်ဖွင့်ဆိုလို့ ....ချစ်ခြင်း အနုပညာ ရဲ့ အဖြေဟာ
တစ်ယောက်ကို တစ်ယောက်ဂရုစိုက်ခြင်း
မျော်လင့်ခြင်း မရှိတဲ့ ပေးဆပ်ခြင်း
ပျော်ရွှင်မှုကိုသာ ရှေးရှုခြင်း
တစ်ယောက်ကို တစ်ယောက် ဖေးမခြင်း
ဟန်ဆောင်ခြင်း မရှိတဲ့ ပျော်ရွှင်ခြင်း
အပေးအယူမရှိတဲ့ ချစ်ခြင်းမေတ္တာ ...ဖြစ်မယ်ဆိုရင် ကျွန်မတို့ရဲ့ သံယောဇဉ်ဟာ ချစ်ခြင်းရဲ့အနုပညာ မည်မှာပါ
ခက်ခဲနက်နဲလှတဲ့ ချစ်ခြင်းရဲ့ အနုပညာဟာ လိုက်လို့မမှီနိုင်အောင်ကိုလေးနက်လွန်းလို့ အဓိပ္ပာယ်ဖွင့်ဖို့ရာ မလွယ်လှပါဘူး ။
အဲဒီ နားလည်ရခက်တဲ့ ချစ်ခြင်းအနုပညာထဲမှာ ကျွန်မ စီးဝင်ခဲ့ဖူးတယ် ။ လေးနက်ခဲ့ဖူးတယ် ။ ရင်ထဲမှာ အစိုင်အခဲတစ်ခု အဖြစ် တည်ရှိနေခဲ့တယ် ။ မရှိတော့ပေမယ့် ရှိနေဆဲ ၊သေဆုံးသွားပေမယ့် ရှင်သန်ဆဲ ၊ ပျောက်ဆုံးသွားပေမယ့် သတိရနေဆဲ ၊ ဘယ် လိုပဲဖြစ်ဖြစ် ရင်ထဲက ချစ်ခြင်းရဲ့အနုပညာကတော့ ရှင်သန်ဆဲပါ.....။
( ကောင်းရာ ဘုံဘ၀မှာ အဆင်ပြေချောမွေ့စွာ စံစားရင်း ခံစားနိုင်ပါစေ)
မာနဆူး
Posted by
သမီးပျို

ချစ်သူများနေ့ မတိုင်မီ ဒီတစ်ညမှာပဲ
နှလုံးသားက တစ်စုံတစ်ခု ....
ခပ်ယဲ့ယဲ့လေးခုန်ထွက်သွားတယ်
ငုံ့ကြည့်လိုက်တော့ .....
အချစ်စစ်နဲ့အတူ .....
တဆပ်ဆပ်တုန်နေတဲ့နှလုံးသားနဲ့........
ငိုကြွေးနေတဲ့ မဲ့ပြုံးလေးတစ်ပွင့်.....
ကြွေလွင့်ခဲ့ပြီပေါ့.....
ဆူးရှိလို့တဲ့လား .....
ပန်းလေးမှာလည်း မာနနဲ့ပါ
ပန်ချင်သူတိုင်း မဆွတ်ခူးစေဖို့
ကာရန်ခွင့် မာနဆူးလေးတော့ပေးသင့်တာပေါ့
မာကျောတဲ့တောင်တန်းတွေမှာလည်း
မာကျောတဲ့ မာနနဲ့....
မြင့်မားတဲ့ တိမ်တွေမှာလည်း
မြင့်မားတဲ့ မာနနဲ့ တဲ့....
အဲဒီတော့ ...
ငါ့မှာလည်း မာနဆူးရှိတယ်
ဒါကို အပြစ်လို မြင်တယ်လား
ငါ့ကိုပြောလေ ။....။
ကိုကာကိုလာ ဘယ်ကလာ
Posted by
သမီးပျို

ယနေ့ လူတိုင်းပါးစပ်ဖျားမှာ ရေးပန်းစားနေတဲ့ ကိုကာကိုလာကို လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော်က Georgia ရဲ့မြို့တော်ဖြစ်တဲ့ အတ္တလန္တာမြို့ကနေ တီထွင်ဖော်စပ် နိုင်ခဲ့ကြတာဖြစ်ပါတယ် ။ ကိုကာကိုလာ ဘယ်မြို့က လာတယ် ဆိုတာထက် ဘယ်လိုဖြစ်တည်လာရသလဲဆိုတာက ကျွန်မအတွက် ပိုလို့ စိတ်ဝင်စားစရာပါ ။ ကိုကာကိုလာကို အမေရိက မြောက်ပိုင်း တောင်ပိုင်း ၊ ဥရောပ ၊ အာရှ ၊ အာဖရိက ၊ သြစတြေးယား နဲ့ ဂရင်းလန်း ဆိုတဲ့ အရပ်ဒေသတွေက သန်းပေါင်း ၆၀၀ ထက် မကတဲ့ လူတွေဟာ နေ့စဉ်နဲ့အမျှ ကိုကာကိုလာကို သောက်သုံး နေကြတယ်ဆိုရင် ယုံနိုင်စရာမရှိလောက်အောင် ဈေးကွက်ကိုထိုးဖောက်နိုင်ခဲ့တဲ့ ကိုကာကိုလာ ရဲ့အောင်မြင်မှုဟာ အံ့မခန်းပေါ့ ။
၁၈၈၆ ခုနှစ် မေလ ၈ ရက်နေ့က အတ္တလန္တာမှ ဆေးဝါးဖော်စပ်သူလည်းဖြစ်တဲ့ ဒေါက်တာ John Styth Pemberton က အကိုက်အခဲပျောက်ဆေး တစ်မျိုး စတင်တီထွင်ခဲ့ရာက ကိုကာကိုလာကိုစတင်ဖြစ်ပေါ်စေခဲ့တာပါ ။ ဒေါက်တာဟာ အိုးတစ်အိုးထဲကို ရေအပြည့်ထည့်ပြီး ကိုလာစေ့ ၊ သကြား ၊ကိုကာ နဲ့အခြားဆေးဝါးသုံး ပစ္စည်းအချိုးအစားကို ထည့်သွင်းပေါင်းစပ်ကာ အကိုက်အခဲအားလုံး ကို ပျောက်စေနိုင်တဲ့ ဆေးတစ်မျိုး ဖော်စပ်ခဲ့ပါတယ် ။
အချိုးအစားအားလုံးပေါင်းစပ်ပြီးလို့ အသင့်သောက်သုံးလို့ရပြီဖြစ်တဲ့ အခြေအနေမှာတော့ အရသာ အလွန် ကောင်းတာကို တွေ့ရပါတယ် ။ ကိုကာကိုလာ လို့အမည်ပေးဖို့လည်း ဆုံးဖြတ်ခဲ့ပါတယ်တဲ့ ။ ကိုလာစေ့နဲ့ ကိုကာပေါင်းစပ်ထားလို့ ကိုကာကိုလာ ဖြစ်လာတယ်လို့ ယူဆရမယ်ထင်ပါတယ် ။
ကိုကာကိုလာ ကို အကိုက်အခဲ ပျောက်ဆေးအဖြစ် ဖော်ထုတ် ပြီးတဲ့နောက် ကိုကာကိုလာဟာ လူတိုင်းနဲ့ သင့်တော် တယ်လို့ လည်း ယူဆခဲ့ပါ တယ် ။ ဘာကြောင့်များလဲဆိုရင် ကိုကာကိုလာဟာ အစာကိုကြေစေတယ် ၊မောပန်းနွမ်းနယ်မှုတွေကို ပြေလျှော့စေတယ် ၊ စိတ်ဓါတ်ကိုတက်ကြွစေတယ် ဆိုတဲ့ ကောင်းကျိုး တွေ ကြောင့် ပါပဲတဲ့ ။
မကြာမီ နောက်ပိုင်းမှာတော့ အတ္တလန္တာ ဂျာနယ် ကနေ ကိုကာကိုလာကို ဖော်ထုတ်ဖြန့်ဝေကြေငြာခဲ့ပါတယ် ။ ကိုကာကိုလာကို ကျန်းမာရေးအတွက် အကျိုးပြု ဖျော်ရည်တစ်မျိုးလို ရေနဲ့သောက်သုံးဖို့ကိုလည်း ဖော်ပြခဲ့ပါတယ်။ တစ်နေ့တော့ ကိုကာကိုလာကို ဆိုဒါရေ နဲ့ စားပွဲထိုးတစ်ဦးမှ စတင် ၀န်ဆောင်မှု ပေးခဲ့ ရာကနေ အခုလို ကိုကာကိုလာရဲ့ အမြုန့်ကိုစတင်ဖြစ်ပေါ် လာခဲ့တာပါတဲ့ ။ အဲဒီနောက်ပိုင်း ကိုကာကိုလာဟာ အရမ်းကိုနာမည်ကြီးခဲ့ပါတယ် ။ ကိုကာကိုလာရဲ့ ကုန်သွယ်မှု တံဆိပ်ကတော့ “Cs “ ပါ ။ ၁၉၁၆ ခုနှစ်မှာတော့ ယနေ့ကျွန်မတို့မြင်နေကြရတဲ့ ကိုကာကိုကာ ဒီဇိုင်းကို စတင်ရေးဆွဲ အတည်ပြုခဲ့ကြပါတယ်တဲ့။
ဒါဆို အတ္တလန္တာ ကို ကိုကာကိုလာမြို့တော် လို့ခေါ်ရင် မမှားဘူးပေါ့နော်.....။
စိတ်မကောင်းစရာ တစ်ခုကတော့ ကိုကာကိုလာ ရဲ့ ဖခင်လို့ခေါ်ထိုက်တဲ့ ဒေါက်တာ ဂျွန် ဟာ နောင် ၂နှစ်အကြာမှာ တိမ်းပါး သွားခဲ့ပါတယ် ။ သူ့ရဲ့ အောင်မြင်မှုအရသာ ကို ကြာရှည် ခံစားခွင့် မရသွားခဲ့ရတဲ့ အတွက် စိတ်မကောင်းဖြစ်ရရုံကလွဲလို့ ဘာမှ မတတ် နိုင်ခဲ့ကြဘူး မဟုတ်လား ။
..................................
ကိုကာကိုလာ ဖြစ်ပေါ်လာခြင်းရဲ့ အကျဉ်းချုပ်ပါ ။ အကျယ်တ၀င့် စိတ်ဝင်စားတယ်ဆိုရင် google မှာ စုံစုံလင်လင်ဖော်ပြပေး ထားပါတယ် ။ ကျွန်မ အနေနဲ့ ကိုကာကိုလာ ဘယ်လိုဖြစ်လာသလဲ ဆိုတာကိုပဲ ဖော်ပြပေးချင်တဲ့အတွက် ဒီလောက်နဲ့ပဲ လုံလောက်မယ် ထင်ပါတယ် ။
ကြိုးစားပါဦးမည်
သမီးပျို
ချစ်သူ.....သို့
Posted by
သမီးပျို

အရင်လို မတောက်ပတော့တဲ့ချစ်သူရဲ့ဝမ်းနည်းမှုအပြည့်နဲ့ မျက်ဝန်းအစုံကိုမြင်လိုက်ရတဲ့နောက် ရင်ထဲမှာနင့်တင့်တင့်ခံစားလိုက်ရတယ် ။ ချစ်ခဲ့ကြတဲ့အချိန်တွေက ဆယ်စုနှစ်တွေလောက် မကြာခဲ့ကြပေမယ့် ဖြတ်လို့မရတဲ့ချည်နှောင်မှုသံယောဇဉ် နဲ့ အနှိုင်းမရှိတဲ့ အချစ်တွေ ပိုင်ဆိုင်ခဲ့ကြတယ်နော် ။ ဟိုး...အတိတ်ရဲ့ အရိပ်တွေကို ပြန်တွေးမိတိုင်း ကြည်နူးပျော်ရွှင်ခဲ့ရသလို အမှတ်တရတွေရှိနေ တဲ့ အတိတ်ရဲ့ရပ်ဝန်းတစ်နေရာကို ဖြတ်သွားတိုင်းလည်း လွမ်းဆွေးနေရသလို ၀မ်းနည်းလို့ မျက်ရည်ဝိုင်းရသေးတယ် ။ ချစ်ခဲ့ကြတာ မုန်းကြဖို့မှ မဟုတ်ပဲနော် ။ ဘယ်တော့မှမေ့လို့မရနိုင်ပေမယ့် အနားမှာလည်းရှိမနေပြန်ပါဘူး ။
ညှိုးရော်နေတဲ့ မျက်ဝန်းအစုံနဲ့ ကြည့်လိုက်တဲ့ မင်းမျက်ဝန်းက ဘာသာစကားတွေကို ငါဘာသာပြန်နိုင်ခဲ့ပါတယ် ချစ်သူရယ်...။ စကားဆိုဖို့ အင်အားမရှိနိုင်တော့အောင် မင်းကိုခံစားစေခဲ့ပြီပဲ ။ တမင်မရည်ရွယ်ခဲ့ပေမယ့် မင်းကိုရက်စက်သလိုဖြစ်ခဲ့မှုတွေအတွက် အဝေးကပဲ အသံတိတ် တောင်းပန်လိုက်ပါတော့မယ် ။ ချစ်ခဲ့ကြတဲ့ နှလုံးသား အချင်းချင်း နားလည်ရင် မင်းကြားနိုင်မှာပါ ။
အချစ်ဆိုတာ ဘ၀ မဟုတ်ဘူး တဲ့ ...ငါကြားဖူးတယ် ။ အဲဒါကို ငါလက်ခံလိုက်ရတော့မယ် ။ ငါ့ရင်ဘတ်ထဲက အချစ်တွေက မင်းအတွက်ဖြစ်ခဲ့ဖူးတယ် ။ အဆုံးစွန်လည်း ချစ်ခဲ့တယ် ။ ငါတို့တွေ ပျော်ခဲ့ကြတယ်နော် ။ ဖြတ်သန်းလာခဲ့ကြတဲ့ အချိန်တွေက ခက်ခဲကြမ်းတမ်းခဲ့ကြသလို ရယ်စရာတွေ ပျော်စရာတွေ စွန့်စားမှုတွေနဲ့ အရာရာကိုငါတို့နှစ်ယောက် ရင်ဆိုင်ခဲ့ကြတာတွေကို ပြန်တွေးမိတော့ အတိတ်ရဲ့အရိပ်တွေကို ပြန်လိုချင်နေမိတယ် ။
အမုန်းစကား တခွန်းမှ မဆိုရပါပဲ ခွဲခွာကြရမယ့် ငါတို့နှစ်ယောက်အတွက် အခွင့်အရေးတစ်စုံတစ်ရာများ ရှိခဲ့ရင် နောင်ဘ၀ဆိုတာ ကိုတော့ မရဲတရဲနဲ့ ဆုတောင်းလိုက်ချင်မိတယ် ။ အရာရာကိုခွင့်လွှတ်တတ်တယ် ဆိုးသမျှကိုလည်း မငြိုငြင်ခဲ့တဲ့ မင်းရဲ့အချစ်တွေ ကိုငါ့နှလုံးသား ပြတိုက်မှာ ထိန်းသိမ်းထားမယ်ဆိုတာ မင်းကိုသိစေချင်လိုက်တာ ။
အမှတ်တရတွေကို ဘယ်တော့မှ မမေ့ကြေးနော် ချစ်သူ...။ မင်းကိုချစ်ခဲ့မိတာ ဘယ်တော့မှနောင်တ ရမနေဘူးဆိုတာ မင်းသိနေပါ ။ငါတို့အတွဲဟာ သိပ်ကိုလိုက်ဖက်ခဲ့တယ်နော် ။ လိုက်ဖက်ညီတဲ့ ချစ်သူတွေဖြစ်တဲ့အပြင် ငါတို့ရဲ့မျက်နှာသွင်ပြင်က ဆင်တူရိုးမှားနဲ့ ရုပ်ချင်းဆင်တယ်တဲ့ တွေ့တဲ့လူတိုင်းက ပြောကြတယ်နော် ။ ပါးချိုင့်လေးနဲ့ ပြုံးနေကြတဲ့ ငါတို့ရဲ့ ပထမဦးဆုံး ဓါတ်ပုံလေးက သက်သေပေါ့ ။
အတိတ်ရဲ့ခြေရာတွေကို ပြန်ကောက်ဖို့ ကြိုးစားနေမိပေမယ့် မဖြစ်နိုင်မှန်းလည်း ကိုယ်တိုင်သိနေတယ် ။ အရာရာကိုနောက်ပြန် ဆုတ်လို့ရမယ် ဆိုရင်လေ ငါမင်းကိုလုံးဝ ချစ်ခဲ့မိမှာ မဟုတ်ဘူး ။ ဆုံမှတ်မရှိတော့တဲ့ မျဉ်းပြိုင်နှစ်ကြောင်းကို ဆက်လျှောက်ရမယ့် ငါတို့ရဲ့အနာဂတ်တွေအတွက်တော့ ငါဝမ်းနည်းနေဦးမှာပါ ။
သားကောင်းတစ်ယောက်ဖြစ်တဲ့မင်းက ချစ်သူကောင်းတစ်ယောက်လည်း ဖြစ်နေပြန်သေးတယ် ။ မယုံနိုင်စရာကောင်းလောက် အောင် မင်းရဲ့အချစ်တွေက သက်သေပြခဲ့ပြီလေ ။ ငါ့ဘက်ကိုနားလည်ပေးနိုင်ခဲ့တာကိုက မင်းရဲ့အတ္တမဆန်တဲ့ ချစ်ခြင်းသက်သေ မိုင်တိုင်တစ်ခုလေ ။ မင်းဟာငါ့အတွက် ဂန္တ၀င်ချစ်သူပေါ့.... ။
ငါမင်းကိုနောက်ဆုံးစကားတစ်ခွန်းပဲပြောချင်တော့တယ် ။ အဲဒါကတော့ “သိပ်ချစ်တာပဲ ချစ်သူရယ်....“ တဲ့လေ ။ မင်းကြားနိုင်ပါစေကွာ......။
ငါ့နှလုံးသားထဲမှာတော့ ဂျူလိုင်မိုးနဲ့အတူ သဲသဲမဲမဲရွာသွန်းလို့ မင်းကို တမ်းတနေဦးမှာပါ ။
အနမ်းတွေအစား အလွမ်းတွေ အစားထိုးလိုက်ရပေမယ့် ...မင်းရဲ့လှပတဲ့မနက်ဖြန်တိုင်းမှာ အရာရာ အဆင်ပြေနိုင်ပါစေ ချစ်သူရေ......။
သူတို့ပြောနေကြတဲ့ ကမ္ဘာကြီးအကြောင်း
Posted by
သမီးပျို
တော်တော်ကြာပါပြီ...ခရီးတွေသွားနေရလို့ စာမရေးနိုင်သလို..ခုတလောစာရေးပျင်းလာတာနဲ့ပေါင်းပြီး ဘလော့ဂါ လောကထဲကထွက်ဖို့ ဆုံးဖြတ်မိလိုက်တယ် ။ ကိုယ့်ဘလော့ ကိုလည်း ဖွင့်မကြည့်မိခဲ့သလို ဘယ်သူ့ ဘလော့ခ်ကိုမှလည်း ၀င်မကြည့်ဖြစ်ခဲ့မိဘူး ။ ဒီနေ့တော့ ပျင်းပျင်းရှိတာနဲ့ အိမ်လည်ဖို့ စိတ်ကူး ရလို့ ဘလော့ခ် လောကကို အခြေချမိတယ်ဆိုရင်ပဲ ချစ်သူငယ်ချင်းနှင်းက အပျင်းထူနေတဲ့ သမီးပျို ဆိုတဲ့ ခေါင်းစဉ်နဲ့ ကမ္ဘာကြီးပျက်တော့မယ့် အကြောင်းကို တက်ခ်ခြင်း ခံလိုက် ရတာပါပဲ ။ အဲဒါနဲ့ပဲ စာပြန် ရေးဖြစ် သွားတယ်ပေါ့ ။ စာမရေးခင် အတောအတွင်း အိမ်လာလည်ကျတဲ့ သူငယ်ချင်းတွေကို ကျေးဇူး အထူးတင်ရှိပါတယ်။ တကူးတက မေးလာတဲ့ ကိုလူထွေး ကိုလည်းကျေးဇူးတင်လျှက်ပါ ။ အကြောင်းမပြန်မိတဲ့အတွက် လည်း စိတ်မကောင်းပါဘူး ။ အခုတလော ဘလော့ခ်လောကထဲမှာ ကမ္ဘာကြီးပျက်တော့မယ်ဆိုတဲ့ ဂယက်တွေ ရိုက်ခတ်နေတာ ခုမှပဲ သိလိုက်ရတယ်။ ဒါနဲ့ပဲ ကျွန်မလည်း စဉ်းစားကြည့်မိတယ်။
ကျွန်မဟာ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတစ်ယောက်ပါ ။ မြတ်စွားဘုရား ဟောကြားခဲ့တဲ့ တရားဒေသနာတော် တွေထဲမှာ သာသ နာနှစ် ၅၀၀၀ ကြာပြီးသော် ကမ္ဘာကြီးပျက်လတ္တံ့ဆိုပြီး မိန့်ကြားခဲ့ဖူးပါတယ်။ ခုဆိုရင် သာသနာတော်နှစ်က ....နှစ်တစ်ဝက် ကျော်ရုံလေးပဲရှိပါသေးတယ်။ ပြီးတော့ ကောသလ အိပ်မက် ၁၆ချက်ထဲမှာပါတဲ့ ရှေ့ပြေးနမိတ်တွေ ...... အားလုံးဖြစ်မလာ သေးပါဘူး ။
ဥပမာ....“သစ်ပင်ငယ် ခြုံငယ်တွေက ပေါက်လာပြီး တစ်ထွာတစ်တောင်လောက်မှ မမြင့်သေးဘဲနဲ့ သီးပွင့်ကြ တယ်“တဲ့။ ဆိုလိုရင်းက “နောင်အခါ သတ္တ၀ါတွေဟာ ရာဂကြီးလိမ့်မယ်။ မိန်းမတွေဟာ အရွယ်မရောက်ခင်မှာပဲ ယောကျာ်းတွေနဲ့ သွားလာ ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ သားသမီးတွေရလိမ့်မယ်“တဲ့။ အဲဒီလောက် မဆိုးသေးတဲ့ အခြေအနေမှာပဲ ရှိနေပါသေးတယ်။
ပြီးတော့ “နွားမတွေက သူမွေးဖွားပြီးခါစ နွားငယ်လေးရဲ့ နို့ကို စို့နေတယ်“တဲ့ ။ အဓိပ္ပါယ်ကတော “နောက်နောင် လူတွေ ဟာ အရှက်တွေ မဲ့လာပြီး မိဘကို ရိုသေရမှန်း မသိဖြစ်လာလိမ့်မယ်။ မိဘတွေဟာ ခိုကိုးရာ မဲ့လိမ့်မယ်“ တဲ့ ။
ကျွန်မထင်သလောက်ပြောရရင်တော့ မိဘကို မိဘမှန်းသိနေကြတုန်းပါပဲ ။ ရိုသေကြတယ် ။ တန်ဖိုးထား လေးစားကြတယ် ။ ဘလော့ရပ်ဝန်းမှာ အမေနဲ့သက်ဆိုင်တဲ့ ပို့စ်တွေ အဖေ့ကျေး ဇူးကို တန်ဖိုးထားတဲ့ပို့စ် တွေကို ဖတ်နေရတော့ ဒါဟာ မိဘကို တန်ဖိုးထားချစ်ခင်နေကြသလို မြတ်မြတ်နိုးနိုးရှိနေ ကြသေးတယ်ဆိုတာ အထင်အရှားပြသနေတယ်ဆိုတာ သေချာပါတယ် ။
အနက်ရောင်ကမ္ဘာကြီးထဲကို တဖြည်းဖြည်းနဲ့ချဉ်းနင်းဝင်ရောက်လာတဲ့ ပုဇွန်ဆီရောင် စက်ဝန်းကြားက နေမင်းကြီးတောင်မှ နေ့တစ်နေ့ရဲ့နံနက်ခင်းကို နေခြည် နုနုလေးနဲ့ အစ ပြုခဲ့ပေမယ့် တစတစ အဆုံးစွန် ပူပြင်းလာပြီးတဲ့ နောက်တော့ ... သူလာရာလမ်းကြောင်းဆီကိုပဲ ဆန့်ကျင်ဘက်အရပ်ကနေ သေဆုံးခြင်း အဖြစ် နဲ့ နေ၀င်သွားရသေးတယ်လေ ။ အရာအားလုံး
ဟာ တရားသဘောနဲ့ပြောရရင်တော့ ဖြစ်ပြီးရင် ပျက် တတ်တာ ဓမ္မတာပဲ မဟုတ်လား ။ အစရှိရင် အဆုံးဆိုတာရှိစမြဲပါ ။ မွေးဖွားခြင်းမှာ ရှင်သန်ခြင်းရှိသလို... ရှင်သန် ခြင်းမှာ လည်း သေဆုံးခြင်းဆိုတာ ရှိခဲ့တော့ မွေးဖွားခြင်းနဲ့သေဆုံးခြင်းကြားမှာ ရှင်သန်နေကြတဲ့ ကျွန်မတို့ တွေ တစ်နေ့ သေတာ ဘာများအဆန်းတကြယ် ရှိသေးလို့လဲ ။
နောက်တစ်ခုက“လောကကြီးကို သင်ဘယ်လိုမြင်ပါသလဲဆိုရင် သင်ဘယ်လိုကြည့်မြင်ပါသလဲ ဆိုတဲ့အပေါ်မှာပဲ မူတည်ပါတယ်“တဲ့ ဖတ်ဖူးခဲ့တဲ့စာလေး တစ်ကြောင်းပါ ။ တိုတောင်းပေမယ့် သိပ်အဖိုးတန်တဲ့ စာသား လေးမို့ သိပ်ကိုကြိုက် နှစ်သက်ခဲ့ တာပါ။ ကိုယ့်ရဲ့လက်ခံယုံကြည်မှု ၊ နားလည်မှု ပေါ်မှာပဲမူတည်တယ်လေ ။ ကောလဟာလတွေကိုတွေးကြောက်နေမယ့်အစား ပစ္စုန်ရဲ့ အချိန်လှလှလေးတွေမှာပဲ လွပ်လပ်စွာ ပျော်ဝင်ခံစားလိုက်ချင်တာ ။ အနာဂတ်အတွက် တွေးလို့ ပူဆွေးမနေချင်ပါဘူးလေ ။
တစ်ခါတလေတော့ ကိုယ့်ရဲ့လက်ခံယုံကြည်မှုဟာ ကိုယ့်ရဲ့ပတ်ဝန်းကျင် အသိုင်းအ၀န်းနဲ့လည်း ဆိုင်ပါသေးတယ် ။ ဥပမာ ဆိုပါတော့... ပန်းသီးတစ်လုံး သစ်ပင်ပေါ်က ပြုတ်ကျလာတာဟာ ဘာကြောင့်များပါလိမ့်လို့မေးရင် သိပ္ပံပညာရှင်က ပြော လိမ့်မယ် ကမ္ဘာကြီးရဲ့ဆွဲအားကြောင့်လို့...။ သို့ပေမယ့် သာမန် လူတစ်ယောက်ကတော့ မှတ်ချက်ပေးတယ် သီးချိန်တန်လို့ သီးတယ် ပွင့်ချိန်တန်ရင်ပွင့်မယ် ...ကြွေချိန်တန်ရင်တော့ ကြွေမှာပေါ့..... ဒါသဘာဝပဲလေ ဘာများအဆန်းတကြယ်ရှိ သေးလို့လဲ...လို့.။ ဘယ်သူ့အဖြေမှန်ပါသလဲဆိုတာကတော့ ....သင်ဘယ်လို လက်ခံယုံကြည်သလဲပေါ့...။
ကမ္ဘာကြီးဟာ နောင်၂ နှစ်ကြာရင်ပျက်တော့မယ်ဆိုတာကတော့ သိပ်တော့မယုံချင်မိဘူး ။ ကိုယ့်စိတ်ထဲက ယုံကြည်မှုပေါ့လေ ။ စာရေးဆရာ Eckhart Tolle ကတော့ ပစ္စုပ္ပန်အချိန်ရဲ့တန်ဖိုးရှိမှုတွေ ၊ လက်ရှိပစ္စုပ္ပန်ရဲ့ အစွမ်းအစနဲ့အင်အားတွေကိုပြော ထားတယ် ။ အဲဒီယုံကြည်မှုတွေနဲ့အင်အားတွေ အသာထားလို့ သူငယ်ချင်းနှင်းပြောသလိုပဲ ကိုယ်လည်းခေတ်မီအောင် ကမ္ဘာကြီး ပျက်ကြည့်လိုက်ဦးမယ်...။
............****......................*****............................***........
ကမ္ဘာကြီးပျက်တော့မယ်တဲ့...။ ငါဘာလုပ်ရမလဲ..................???????? ။ အေးချမ်းတဲ့ ညချမ်းလေးကို လွမ်း နေရမှာလား ။ တလက်လက်နဲ့ တောက်ပနေတဲ့ ဟိုး....အဝေးက ကြယ်စင်လေးတွေကိုပဲ တမ်းတနေရမှာလား ။ ငါသိပ်ချစ် ရတဲ့ လမင်းကြီးကိုပဲ တိုင်တည်လိုက်ရမှာလားဆိုတဲ့ အတွေးတွေနဲ့ နေမထိ ထိုင်မသာဖြစ်လို့ ကျွန်မရဲ့စိတ်အစဉ်က တောင်စဉ် ရေမရပေါ့ ။ မဟူရာကောင်းကင်ကြီးမှာ လမင်းကြီးကလည်း ထိန်ထိန်သာလို့.... ကြယ်ကလေးတွေကလည်း ပျော်ရွှင်မြူးထူးစွာ ကခုန်ဆော့ကစားရင်းနဲ့ လမင်းကြီးထံပါးခစားလို့ ။ လေပြေလေးကလည်းညှင်းသွဲ့သွဲ့နဲ့မို့... မှော်နတ်သမီးလေးတစ်ယောက် အလွမ်းတေးသီးချင်း တိုးတိုးလေး တီးခတ်နေသလားလို့...။သာယာလိုက်ပါဘိ ညချမ်းလေးရယ်..။ ဒီလိုညမျိုးလေး ခံစား ရဖို့ အခွင့်အရေးတွေ တဖြည်းဖြည်းနည်းပါးလာတော့မယ်ဆိုတဲ့ အသိစိတ်က ကျွန်မရဲ့နှလုံးသားကို ပူလောင်စေလိုက်တာ ။
ငါဘာတွေ လုပ်ပြီးသွားပြီလဲလို့ ပြန်စဉ်းစားကြည့်လိုက်တယ် ။ အမေ့ဝမ်းတွင်းက လွတ်မြောက်ရှင်သန်လို့ အခုအချိန်အထိပေါ့ ။ ကျောင်းတွေတက်လိုက် စာတွေသင်လိုက် ပျော်ပါးလိုက်နဲ့အချိန်တွေ ကုန်ဆုံးခဲ့တာ များနေပါလားဆိုတဲ့ အဖြေထွက်လာတယ် ။ မိဘတွေကိုရော ကိုယ်ကတဖန်ပြန်လို့ စောက်ရှောက်ပြီးပြီးလားလို့မေးကြည့်တော့...ရာခိုင်နှုန်းက နည်းလွန်းလို့နှိုင်းယှဉ်ပြဖို့ တောင် အရာဝတ္ထုမရှိပါဘူးတဲ့ ။ အဲဒီအဖြေကြောင့် ကျွန်မဟာ တော်တော်လေး တုန်လှုပ်ခြောက်ခြားသွားခဲ့ပါတယ် ။ ကျွန်မ တစ် ခုခုတော့ လုပ်သင့်နေပြီဆိုတာ သိလိုက်ရတာနဲ့ တပြိုင်နက် အစီအစဉ်တစ်ခုကို အမြန်ဆုံးရေးဆွဲလိုက်ရတယ်။ ကျွန်မမိဘနဲ့အတူ ကျွန်မသိပ်ချစ်ရတဲ့ ကိုကို့အတွက် ၊ ပြီးတော့ အားကိုးရာမဲ့နေကြတဲ့ ကျွန်မရဲ့အန်တီတွေနဲ့ ၀မ်းကွဲမောင်လေးတွေ အတွက်ပါ ။ ကျွန်မတို့အားလုံးသေကြရမှာ ဖြစ်ပေမယ့် မသေခင် သူတို့တွေကို ကျွန်မတတ်နိုင်သလောက်တော့ လုပ်ပေးချင်တယ်။
ကျွန်မရဲ့ ပထမ အစီအစဉ်က မေမေနဲ့ဖေဖေ့အတွက်ပါ ။ ရိုးသားတဲ့တောသူတောင်သား လယ်ယာလုပ်သား ဆိုတဲ့ခေါင်းစဉ် အောက်မှာ မရှိခဲ့ကြပေမယ့် ။ တောမဟုတ် မြို့မဟုတ်မှာ ကြီးပြင်းလာတဲ့ ကျွန်မတို့မိသားစုဝင်တွေအတွက် အရာရာခေတ်မီတိုး တက်တဲ့ မြို့ပြလို့ နေရာဒေသတွေက ရောက်ဖူး၊နေဖူးရုံက လွဲလို့ ကိုယ်နဲ့အကျွမ်းတ၀င်ရှိမနေတတ်ပါဘူး ။ လိုင်းကားတိုးစီးရင်း ချွေတာစားခဲ့ရတဲ့ ဘ၀တွေကလွဲလို့ မြို့ပြဟာ ကျွန်မတို့တွေအတွက်တော့ နေပျော်တဲ့ ဘ၀တစ်ခုကို မပိုင်ဆိုင်ခဲ့ဖူးဘူးလေ။
အခုတော့ ကျွန်မ မိဘတွေကို ပြန်ပြီး အလုပ်အကျွေး ပြုဖို့ အားအင်တွေ ရှိနေပါပြီ။ မိသားစုနဲ့ခွဲနေရတဲ့ကျွန်မ လေးနက်တဲ့ သံယောဇဉ်နဲ့ အကြင်နာတွေကို ပိုလို့ခံစားသိမြင်လာပြီးတဲ့နောက် တာဝန်ကျေတဲ့သမီးတစ်ယောက် အဖြစ်ရပ်တည်နေချင်မိတဲ့စိတ် က ကျွန်မအတွက် ခွန်အားတွေပေါ့ ။ ငွေကြေးအဆင်မပြေမှုဆိုတဲ့ အကျပ်အတည်း ၊ လူရာမ၀င်မှုဆိုတဲ့ ငွေကြေးချို့တဲ့သူတို့ရဲ့ အပယ်ခံနာကျဉ်းမှုဝေဒနာ ၊ ချေးငှားမှုဆိုတဲ့ ဆင်းရဲသားတို့ရဲ့အစဉ်အလာတွေနဲ့အတူ မျက်ရည်ဆိုတဲ့ နာကျဉ်းဝမ်းနည်း အားငယ် မှုတို့ရဲ့ထွက်ပေါက်အဖော် တွေကို အားပြုရင်း ရှင်သန်ခဲ့ရမှုတွေဟာ အတိတ်မှာကျန်ခဲ့ပြီပေါ့ ။ ဒီဘ၀ ဒီဒုက္ခတွေက လွတ်ငြိမ်း အောင်ကြိုးစားခဲ့ရတဲ့ ပင်ပန်းတဲ့ဒဏ်တွေကို ပြန်လည်ကုစားပေးဖို့ ကျွန်မမှာတာန်ရှိလာပြီလေ။
“စိတ်ထောင်းတော့ ကိုယ်ကြေ“ ဆိုတဲ့ စကားလေးတစ်ခွန်းကြားဖူးတယ် ။ ဇရာရဲ့ တွန်းပို့မှုအောက် ကျွန်မတို့ရောက်ခဲ့ရပေမယ့် ပင်ပန်းစွာ ရုန်းကန်စွာရုန်းကန်ခဲ့ကြရတဲ့ ကျွန်မရဲ့မေမေနဲ့ဖေဖေက အသက်အရွယ်ထက် ပိုပြီးအိုစာလို့ အတိတ်ရဲ့လွှမ်းမိုးမှုတွေကို ပြသလို့နေတယ်။ နေပူမိုးရွာမရှောင် ရောင်းခဲ့ရတဲ့ဈေး၊ ရုန်းကန်ရှာဖွေလိုက်ရတဲ့ငွေကြေးနဲ့ အဆင်မပြေမှုတွေကို အံတုရင်ဆိုင် ဖြတ်ကျော်လာရတဲ့ ပင်ပန်းမှုဝေဒနာရဲ့ ရောင်ပြန်နမိတ်တွေပေါ့ ။ စိတ်ပျိုတော့ ကိုယ်နုဆိုတာ...ဟိုး အဝေးကြီးမှာ ။ အဲဒီအ တွက် ကျွန်မလေ ဖေဖေနဲ့မေမေကို စိတ်ချမ်းသာမှုတွေပေးလို့ သူတို့ကိုပျော်ရွှင်စေမယ် ။ မရောက်ဖူးတဲ့ နေရာတွေကို လိုက်ပို့ လို့ စိတ်တွေကို လွပ်လပ်စေလိုက်မယ် ။ ဘုရားအစုံဖူးရင်း ကုသိုလ်ယူလို့စိတ်အေးချမ်းသာမှုကိုလည်း ခံစားစေလိုက်မယ်။
မိသားစု အတူတကွစုံစည်းလို့ ဈေးဝယ်တွေလည်းထွက်ချင်သေးတယ် ။ နေခဲ့ရတဲ့ တောအရပ်ကိုစွန့်လို့ မြို့ပြမှာ စိတ်အေးချမ်း သာအပူအပင်မဲ့ နေစေမယ် ။ အရင်က နှစ်ပေါင်းများစွာ ၀တ်ခဲ့ကြတဲ့ အ၀တ်အစားအဟောင်းတွေရဲ့ကိုယ်စား စတိုင်လှလှနဲ့ခန့် ညားစေလိုက်မယ် ။ မရောက်ဖူးခဲ့ကြတဲ့ စားသောက်ဆိုင်တွေကို ခေါ်ဆောင်လို့ အရသာအသစ်တွေကို မြည်းစမ်းခွင့်ရစေမယ် ။ အဆင်မပြေ အားငယ်မှုတွေကို ဖယ်ရှားလို့ ယုံကြည်မှုလည်း ရှိစေလိုက်ဦးမယ် ။ တက်ကြွတဲ့ စိတ်ဓါတ်အသစ်နဲ့ ရင်ကိုကော့လို့ ခေါင်းကိုမော့ပြီး လောကကြီးကို သတ္တိရှိရှိနဲ့ ကျော်ဖြတ်နိုင်အောင်လည်း အားပေးလိုက်ဦးမှာ ။ ဟိုနား နည်းနည်း၊ ဒီနား နည်း နည်းပဲ လှူဖူးတဲ့ ကျွန်မရဲ့မိဘတွေကို ကထိန်ဒါယိကာ ကျောင်းဒါယိကာမတွေ ဖြစ်အောင်လည်း လုပ်ပေးရဦးမယ်။ အရာရာဖြည့် စွမ်းလို့ သမီးတစ်ယောက်ရဲ့ တာဝန်ကို အပြည့်အ၀ကို တာဝန်ကျေပြလိုက်မယ်လေ။
ကျွန်မချစ်တဲ့ ကိုကို့မိသားစုကိုလည်း ညီမတစ်ယောက်အနေနဲ့ဖေးမချင်သေးတယ် ။ ကိုကို ဘာစီးပွားရေးတွေ လုပ်ချင်နေမလဲ မသိဘူး ။ သူ့ကိုလည်းမေးကြည့်ရဦးမယ် ။ တူမလေးအတွက်လည်း ပညာရေးအဆင်ပြေအောင် ထောက်ပံ့ပေးဦးမယ်။ အပျို ကြီးမမ အန်တီနဲ့အတူ ခင်ပွန်းဆုံးလို့ ကလေးနှစ်ယောက်နဲ့အားငယ်နေရှာမယ့် အန်တီငယ်လေးကိုလည်း လိုအပ်တာတွေ ကူညီ ပေးဦးမယ် ။ ၀မ်းကွဲမောင်လေးတွေ အလုပ်ကောင်းကောင်းရအောင်လည်း ကြိုးစားပေးချင်သေးတယ် ။ သူတို့ဘ၀တွေကို ကျွန်မ တတ်နိုင်တဲ့ဘက်က ဖြည့်ဆည်းပေးရမှာပေါ့ ။ ကမ္ဘာကြီးမပျက်ခင် လုပ်ချင်တာတွေ လုပ်ခွင့်ရလိုက်တဲ့အတွက် ကျွန်မပျော်ရွှင်နေမိ မယ်။ မဟုတ်ရင် ကျွန်မဒါတွေကို ဒီလောက်မြန်မြန်ဆန်ဆန်ကြီး လုပ်ဖြစ်လိမ့်မယ် မထင်ဘူး ။ ကမ္ဘာကြီးကပျက်ဆီးတော့မှာဖြစ် ပေမယ့် ကျွန်မလုပ်ဖြစ်ခဲ့တာတွေအတွက်တော့ ဘယ်တော့မှနောင်တရမိမယ် မထင်ဘူးလေ ။
်
ဒါဆိုကျွန်မကိုယ်တိုင်အတွက်ကရော................? ကျွန်မအတွက်က သိပ်တော့မလိုအပ်ပါဘူးလေ ။ အေးချမ်းနေမယ့် စိတ်လေးတစ်ခုရယ် ၊ အထိန်းအကွပ်မဲ့ လွပ်လပ်မှုရယ် ၊ ထိန်ထိန်ညီးနေမယ့် လသာညတစ်ညရယ် ၊ နားလည်မှုတွေ အပြည့် အ၀ ပေးနိုင်မယ့် ချစ်သူလေးတစ်ယောက် နဲ့ အဖိုးမဖြတ်နိုင်တဲ့ ပျော်ရွှင်မှုတွေရယ် ခံစားရင်း လောကထဲက ပျော်ရွှင်စွာပဲ ထွက် သွားလိုက်ချင်တာ ။ တကယ့်လက်တွေ့မှာ ရင်ဆိုင်ရမယ့် အော်ဟစ်ငိုယိုမှုတွေ အကူအညီတောင်းတဲ့ အော်ညဉ်းသံစဉ်တွေနဲ့ ယောက်ယက်ခတ်ပြေးလွှားနေကြတဲ့ လူအုပ်ကြီးတွေကို မြင်ချင်စိတ်လည်း မရှိဘူး။ “ခလုတ်ထိမှ အမိတ “ တယ်ဆိုတာက လည်း မဖြစ်နိုင်ဘူးလေ ။ မလွတ်မှန်းသိရက်နဲ့ ပြေးလွှားနေကြတဲ့ လူအုပ်ကြီးကို ကြည့်ပြီးလည်း ရယ်ချင်စိတ်ရှိမှာ မဟုတ်ဘူး ကယ်ပါကယ်ပါ အော်တိုင်းလည်း မကူညီနိုင်ကြမယ့် ပစ္စပ္ပန်အခြေအနေဆိုးကြီးထဲမှာ တဖြည်းဖြည်းနဲ့ကိုယ့်အလှည့် ဘယ်တော့ ရောက်လာမလဲဆိုတာကိုပဲ ရင်ခုန်စွာ စောင့်စားရင်း အခန်းကျဉ်းလေးထဲမှာ တစ်ယောက်တည်း လှောင်ပိတ်ပြီးနေလိုက်တော့မယ်။ ကျွန်မသိပ်ချစ်ရတဲ့ သူတွေရဲ့ အော်ဟစ်သံတွေကို ကြားနိုင်စွမ်းမရှိသလို ကူညီနိုင်စွမ်းလည်းမရှိတော့တဲ့နောက် တစ်ယောက်ထဲပဲ အလှည့်ကျ မနွဲ့စတမ်း ခါးဆီးခံလိုက်မယ် ။ မီးတောက်တွေရဲ့ ကြားမှာ လောင်ကျွမ်းရင်း မီးငြိမ်းတဲ့တစ်နေ့ အေးချမ်းမှုတော့ ရကောင်းပါရဲ့လို့ မျော်လင့်နေရတော့မှာပါ ။
တာဝန်ကျေတဲ့သမီးတစ်ယောက်အဖြစ် ကြိုးစားခွင့်ရလိုက်လို့ ကျွန်မဘ၀ရဲ့နောက်ဆုံးအချိန်မှာ ၀မ်းနည်းနေမယ် မထင်မိဘူး ။ အေးချမ်းတဲ့ဘ၀တစ်ခုကို ရဖို့တော့ ဆုတောင်းနေမိမယ်ထင်တယ် ။ ကျွန်မဘ၀ရဲ့နောက်ဆုံးအချိန်မှာ ပြုခဲ့ဖူးတဲ့ ကောင်းမှုတွေကို အာရုံပြုနေရုံကလွဲလို့ ဘာတွေများ ကျွန်မလုပ်နိုင်အုံးမှာလည်းလေလို့ ကြိုးစားဖြေသိမ့်ရင်း...မှာတမ်းတစ်ခု ကျူးရင့်လိုက် ချင်တာက.............
“ငါသည် သမီးတစ်ယောက်၏ တာဝန်ကို အတတ်နိုင်ဆုံး ကြိုးစားပေးဆပ်ခဲ့၏
ငါ့၏ပေးဆပ်မှုကြောင့် ငါ့မိဘများ ပျော်ရွှင်ခဲ့ကြ၏
ငါ့၏ လုပ်ရပ်သည် မှန်ကန်သည်ဟု ငါယုံကြည်သည်
ငါ့ကြောင့် သူတစ်ဦးတစ်ယောက် ဒုက္ခရောက်ဖူးသည်ဟု ငါမကြားမိ
ထိုကြောင့် ငါ၏ သေဆုံးမှုသည် နာကျင်မှုတစ်စုံတစ်ရာ ခံစားချိန်မရှိအောင် မြန်ဆန်ပါစေသား “
.................*****...................********..........................

ဘရိတ်ကင်း နယူးစ်
Posted by
သမီးပျို
သတင်းခေါင်းစဉ်...............သက္ကရာဇ် နှစ်ထောင့်ကိုးခု မေလဆယ်ရက်နေ့ ညကိုးနာရီအချိန်ခန့်တွင် ဒူဘိုင်းမြို့ ဒဲရာရပ်ကွက်တွင် မီးလောင်မှုတစ်ခုဖြစ်ပွားရာ အခင်းဖြစ်ပွားရာ နေအိမ်မှာ သမီးပျိုစတည်းချရာ အိမ်ဂေဟာဖြစ်ပါကြောင်း အခင်းဖြစ်ပွားရာအချိန်သည် ညအချိန်ဖြစ်ပါသောကြောင့် ရုတ်တရက် သတိမထားမိခြင်း ရာဘာနံ့ထွက်နေပါ သော်လည်း နှာစီးနေပါသောကြောင့် ဘာနံ့မှမရခြင်း ဂျီတော့တွင် လေပစ်နေပါသောကြောင့် လည်းပတ်ဝန်းကျင်ကို မေ့လျှော့နေခြင်း ...
သတင်းအစုံအလင်မှာ ......အခင်းဖြစ်ပွားရာညအချိန်တွင် သမီးပျိုတစ်ယောက် ဂျီတော့တွင် ခလောက် ဆိုသူနှင့် လေတောက်နေခဲ့ရာ သော့မခတ်ထားသော တံခါးမကြီးမှ ရုတ်တရက်တလှုပ်လှုပ်ဖြစ်လာပါသောကြာင့် မသင်ကာသဖြင့် ဖွင့်ကြည့်ရာ အသင့်ရောက်နေသောမီးခိုးလုံးများ၏ ရိုက်ခတ်မှုကြောင့် သမီးပျို ပလန်လက်သွားကြောင်း အပေါင်းအပါများမှာလည်း အံ့အားသင့်သွားပါကြောင်း အရေးပေါ်ထွက်ပေါက်အနီးတွင် လောင်နေပါသော ကြောင့်အခန်းထဲတွင်သာ ပိတ်မိနေခဲ့ရာ အကြံကုန်ပါသဖြင့် ပြတင်းပေါက်မှ ခုန်ချလိုက်ရပါကြောင်း အပေါ်ဆုံး ထပ်ဖြစ်နေသောကြောင့်လည်း ဘရန်တာကိုသာသို့သာခုန်ချခဲ့ခြင်းဖြစ်ကြောင်း အပေါ်ဆုံးထပ်ဖြစ်ပါသော ကြောင့်လည်း ပြေးစရာမြေမရှိခဲ့ကြောင်း ထွက်စရာလည်း အပေါက်မရှိခဲ့ကြောင်း ပြောကြားလိုပါတယ် ။ အခင်းဖြစ်ပွားရာအချိန်တွင် ဘေးအခန်းမှသကောင့်သားနှစ်ယောက် ခုန်ချမည်တကဲကဲဖြစ်နေပါသောကြောင့် လည်း တားမြစ်ခဲ့ရသေးကြောင်း ကျန်ရှိနေသော သတ္တိခဲများမှာလည်း ငြိမ်းသတ်ရန်အမှန်တကယ်ကြိုးစားခဲ့ပါ ကြောင်း သို့ပါသော်လည်း ရေဖြင့်မသတ်ကြပဲ ဟိုပြေးဒီပြေးသာလုပ်နေကြကြောင်း မြင်တွေ့ခဲ့ရပါတယ်။ သမီးပျိုမှ ရေဖြင့်ငြိမ်းသတ်ရန် သတိပေးသဖြင့် အမိအရ အပြေးယူလာသည့်ရေမှာ ရေသန့်ဘူးသာဖြစ်နေခဲ့ ခြင်းတို့ကြောင့် ငိုအားထက်ရယ်အားသန်ခဲ့ရပါကြောင်း ။ သတိတရအပြေးအလွှား ဖွင့်ခဲ့ရသော နံရံပေါ်မှမီးသတ် ပိုက်မှာလည်း ရေမရှိပါကြောင်း နောက်မှသိရသည်မှာ ရေပိုက်ခလုတ်ဖွင့်ဖို့မေ့သွားခဲ့ကြောင်း ထိုသူမှဖွင့်ဟ ၀န်ခံခဲ့ပါ တယ် ။ စိုးရိမ်ပါသောကြောင့် အားကိုတကြီး ရဲစခန်းနှင့်မီးသတ်တပ်ဖွဲ့ကို အကြောင်းကြားခဲ့ရာ ရဲသား များ ရောက်လာပါသော်ငြား မီးသတ်ကားရောက်မလာခဲ့ခြင်း တို့ဖြစ်ပွားခဲ့ပါတယ် ။ မဖြစ်သာသည့်အဆုံးမတော့ ရေချိုးခန်းမှ ရေခံ၍သာကိုယ်ထူကိုယ်ထ သတ်ခဲ့ရကြောင်း မီးငြိမ်းသတ်ပါမှ မီးသတ်ကားများအပြေးအလွှား ရောက်လာခဲ့ကြောင်း ရုပ်ရှင်ဆန်ဆန်ဖြစ်ပွားခဲ့ပါတယ်။
ယခုအချိန်တွင်မတော့ စိတ်အေးချမ်းသာစွာနေနေပါကြောင်း စုံစမ်းသိရှိမှုအရ ဆေးလိပ်တို ပစ်ခဲ့ မှုမှစတင်ခြင်းဖြစ်ကြောင်း စတင်လောင်ကျွမ်းရာနေရာမှာ အိမ်ကြားပိုက်လိုင်းမှဖြစ်ခြင်းကြောင့် မည်သူ့ကိုမှတရားစွဲမရဖြစ်နေကြောင်း ကိုရဲသားတို့စိတ်ညစ်နေနိုင်ကြောင်း မီးခိုး၏တန်ခိုးကြောင့် အိမ်တစ်ခြမ်း ကာလာပြောင်းသွားကြောင်း မီးသတ်အပြီးရေချိုးကိုယ်လက်သန့်စင်ခဲ့ရာ နှခေါင်းအတွင်းမှ ရာဘာမီးခိုးကြောင့် ကပ်နေသော မဲခိုးများကို အတော်ကြာသန့်စင်ခဲ့ရပါကြောင်း အိမ်တွင်းသတင်း တစ်ရပ်ကို တင်ပြလိုက်ရပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေရှင်။ သတင်းအစီအစဉ် ဤတွင်ပြီးဆုံးပါပြီ ။
မှတ်ချက်။ ။ ဤဖြစ်စဉ်အားလုံး အမှန်အကန်ဖြစ်ပွားခဲ့ပါကြောင်း အပိုအလိုတစ်လုံး တစ်ပါဒမျှ မပါရှိပါကြောင်းနှင့် အားလုံးမှာကိုယ့်တွေ့များဖြစ်ကြောင်း ၀န်ခံအပ်ပါတယ် ။

Subscribe to:
Posts (Atom)